Thursday, October 17, 2013

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်သမ္မတတို့ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Fan Changlong တို့ တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့သည် အောက်တိုဘာ ၁၆ ရက် က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် တရုတ်တပ်မတော် ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်သော သမ္မတ ရှီကျင်ပင်းက နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး တရုတ်နှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးချင်းကောင်းများ၊ မိတ်ဆွေကောင်းများနှင့် စီးပွားဖက်ကောင်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော် မူဝါဒကို ဆက်လက် ကိုင်စွဲထားကာ နှစ်နိုင်ငံဆက်ဆံရေးကို အားကောင်းတည်ငြိမ်ပြီး ဆက်လက် တိုးတက်မှုများ အဆင်ပြေချောမွေ့စွာ ဖြစ်ပေါ်စေရန်အတွက် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ခေတ်မှီပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို မြန်မာနိုင်ငံနှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှီကျင်ပင်းက ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်ရန်နှင့် နှစ်ဖက် စစ်ဘက်ဆိုင်ရာ အပြန်အလှန် လည်ပတ်ခြင်း တိုးမြှင့်ရန်တို့ကိုလည်း တရုတ်သမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အမြန်ဆုံးရရှိမည်ဟု တရုတ်အစိုးရအနေဖြင့် မျှော်လင့်ကြောင်းနှင့် ယင်းကဲ့သို့ ဖြစ်လာစေရန် တရုတ်အစိုးရ အနေဖြင့် အပြုသဘောဆောင်သည့် ကဏ္ဍမှ ဆက်လက် ပါဝင်ရန် ဆန္ဒရှိပါကြောင်း ရှီကျင်ပင်းက ဆက်လက်ပြောကြားသည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် လက်ရှိအခြေအနေများအရ များစွာ အရေးပါနေကြောင်း ပြန်လည် ပြောကြားသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအား နှစ်ကာလများစွာကပင် အကူအညီပေးမှုများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အပြုသဘောဆောင်သည့် ကဏ္ဍမှ ပါဝင်မှုအပေါ် ကျေးဇူးတင်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်မှုအတွက် မိမိတို့အနေဖြင့် ပိုမို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားသည်။

နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်စေရန် လုပ်ဆောင်ရာတွင် မြန်မာ့တပ်မတော်အနေဖြင့် မမှိတ်မသုန် ကြိုးပမ်းသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Fan Chang- long တို့သည် အောက်တိုဘာ ၁၅ ရက်က ပေကျင်းမြို့၌ တွေ့ဆုံကာ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ အရှိန်အဟုန် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

EMG

No comments:

Post a Comment