Friday, October 11, 2013

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သည်ဟု သံသယရှိသူ ခြောက်ဦးကို ထပ်မံဖမ်းဆီး


ရခိုင်ပြည်နယ် သံတွဲမြို့ ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သည်ဟု သံသယရှိသူ ခြောက်ဦးကို ထပ်မံဖမ်းဆီး စစ်ဆေးနေကြောင်း အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

ယင်းကဲ့သို့ အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သည်ဟု သံသယရှိသူ ခြောက်ဦးကို အောက်တိုဘာ ၉ ရက် ညပိုင်းတွင် ထပ်မံဖမ်းဆီး ခဲ့ကြောင်း သိရသည်။

သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ''မနေ့ညက (အောက် တိုဘာ ၉ ရက်) ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ပါဝင်ကျူးလွန်တယ်လို့ သံသယရှိတဲ့သူ ခြောက်ဦးကို ထပ်မံဖမ်းဆီး စစ်ဆေးနေပါတယ်။ အခုလက်ရှိ မြို့အခြေအနေကတော့ အေးအေးချမ်းချမ်းပါပဲ။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာတော့ အကွက်ကျ စီမံခန့်ခွဲတဲ့ သူတွေလည်း ပါဝင်နေတာ တွေ့ရတယ်။ ဒါနဲ့ပတ်သက် ပြီးတော့လည်း ယူဆထားတဲ့ သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်။ ပဋိပက္ခ ဖြစ်စဉ်ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်း တစ်ချက်ကတော့ အင်တာနက်တွေ ကနေ လှုံ့ဆော်မှုကြောင့် ဖြစ်ပါတယ်'' ဟု အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ပြောကြားသည်။

သံတွဲပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းအထိ ပါဝင်ကျူးလွန်သူဟု ယူဆခံရသူ ၆၆ ဦး အထိ ဖမ်းဆီးစစ်ဆေး နေကြောင်း သိရသည်။

အဆိုပါ သံတွဲပဋိပက္ခ ဖြစ်စဉ်ကို အောက် တိုဘာ ၂၉ ရက်က မြို့နယ် ခန်းမရှေ့တွင် ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုးတစ်ဦးက သာသနာ့အလံ ထောင်ထားသည့် သုံးဘီးဆိုက်ကယ်ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင်ရှင် ကမန်လူမျိုးက ဆဲဆိုလိုက်သည့်အပေါ် ရခိုင်လူမျိုးက ရဲစခန်း၌ သွားရောက် အမှုဖွင့်ခဲ့ကြောင်း ကမန်လူမျိုးအား သံတွဲမြို့မ ရဲစခန်းမှ အာမခံ ပေးခဲ့သဖြင့် ရခိုင်လူမျိုးများနှင့် သံဃာတော်အချို့မှ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ရာ ရဲခစန်းမှ အာမခံပေးမှုနှင့် ပတ်သက်၍ ပြန်လည်ရှင်းပြ ခဲ့ကြောင်း မကျေမနပ်ဖြစ်သည့် ရခိုင်လူမျိုး အချို့က သာသနာ့အလံကို ဆဲဆိုခိုင်းနှိုင်း ပြောကြားခဲ့သည့် ကမန်လူမျိုး နေထိုင်သည့် နေအိမ်အား ခဲဖြင့်ပစ်ပေါက်ခဲ့သည်မှ အစပြုပြီး ယခုကဲ့သို့ လူသေဆုံးမှုနှင့် နေအိမ်အများအပြား မီးလောင်ကျွမ်း ခဲ့သည်အထိ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သေဆုံးသူ ခုနစ်ဦးထိ ရှိနေပြီး မီးရှို့ဖျက်ဆီးခံရသည့် အိမ်စုစုပေါင်း ၁၁၄ လုံးရှိကြောင်း သိရသည်။

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူဟု ယူဆဖမ်းဆီး စစ်ဆေးနေသူများကို ရွှေလှေနယ်မြေ ရဲစခန်းက (ပ)၂၇/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၂၆/၃၂၄ /၁၁၄၊ (ပ)၈၀/၂၀၁၃ ပြစ်မှု ပုဒ်မ ၂၉၄/၅၀၆၊ (ပ)၇၉/၂၀၁၃ ပြစ်မှုပုဒ်မ ၆၃၆/၄၂၇၊ (ပ)၃၁/၂၀၁၃၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော အရာဝတ္ထု ပစ္စည်းများ ပုဒ်မ (၅)၊ သံတွဲမြို့မ ရဲစခန်းက (ပ)၇၉/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၃၃၆/ ၄၂၇၊ (ပ)၈၃/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆/၄၂၇တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Eleven Media Group

(သံတွဲမြို့နယ် ဒွါရ၀တီတံတားတွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်))

No comments:

Post a Comment