Friday, October 11, 2013

အစိုးရနှင့် #KIO တို့ ဆွေးနွေးမှုရလဒ်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်တို့၏ အမြင်များ

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်ထိ သုံးရက်ကြာ ဆွေးနွေးမှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဆွေးနွေးမှု၏ အဓိကရလဒ်အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် KIO ပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုထားသည်။ အလားတူပင် အပစ်အခတ်ရပ်စဲနိုင်ရေး၊ စစ်ပြေး ဒုက္ခသည်များအရေးတို့ကိုလည်း ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အာမခံချက်ပေးနိုင်မည့် သဘောတူညီချက်များလည်း ရရှိခဲ့ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေးမှ တစ်ဆင့်တက်ကာ နိုင်ငံရေး တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ရန်ရှိနေရာ တိုင်းရင်းသားခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ ကချင်လွှတ်တော် ကိုယ်စားလှယ်တို့က အစိုးရနှင့် KIO တို့၏ ဆွေးနွေးချက်များအပေါ် ထင်မြင်ချက်များ၊ ငြိမ်းချမ်းရေးအတွက် လိုအပ်ချက်များ၊ ဆက်လက် လုပ်ဆောင်ရန်ရှိသည်များကို မဇ္ဈိမ သတင်းထောက် နန်းလွင်နှင်းပွင့်က စုစည်း တင်ပြပေးထားပါသည်။

ဦးလမိုင်ဂွမ်ဂျာ
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့

“တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးမှာ KIO အနေနဲ့ တက်မယ် မတက်ဘူး၊ ပါမယ် မပါဝင်နိုင်ဘူး ဆိုတာက အစိုးရဘက်က ပေးပို့မယ့် အခြေခံမူတွေအပေါ်မှာ မူတည်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့မယ်၊ အပြီးသတ် ဆွေးနွေးပွဲမှာ KIO ကို ဖိတ်ခေါ်ထားတော့ တစ်ခါတည်းနဲ့ သေချာခိုင်မာတဲ့၊ ယုံကြည်ရတဲ့ လက်မှတ်ရေးထိုးပွဲ ဖြစ်ချင်တယ်။ အဲ့တော့ တတ်ရောက်ဖို့ စီမံချက်တစ်ခု လုပ်ဖို့လိုတယ်၊ အဲ့စီမံချက်ကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ အကောင်အထည်ဖော်သွားမယ်၊ အခြား တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ညှိနှိုင်းမယ်”
+++++++++++++++++++++++++++++++++++++++++++++++
နိုင်ဟံသာပွမ်န်ခန်းမ်
မဟာမိတ်နှင့် နိုင်ငံခြားရေးရာဌာန တာဝန်ခံ၊ မွန်ပြည်သစ်ပါတီ

“အဓိက တိုင်းရင်းသားတွေ လိုချင်တာက စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ တကယ်ကို ယုံကြည်မှုရဖို့ပါ၊ ကျွန်တော်တို့တွေကတော့ #UNFC မှာ ပါဝင်နေတဲ့အတွက် UNFC ရဲ့ လမ်းကြောင်းတွေအတိုင်း သွားမယ်၊ UNFC က တစ်ပြည်လုံး လက်မှတ်ထိုးရေးနဲ့ ပတ်သတ်ပြီး အချက်အလက်တွေ စုဆောင်းထား တာတွေလည်း ရှိတယ်၊ အဲ့ဒီ့မှာ တိုင်းရင်းသားအဖွဲ့တွေ ဘုံသဘောတူညီထားတဲ့ အချက်တွေလည်း ရှိတယ်၊ တကယ့်လတ်မှတ်ထိုးပွဲမလုပ်ခင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အကုန်ဆုံပြီး အသေးစိတ် ထပ်ဆွေနွေးမယ်၊ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကတော့ သဘောထားတွေ၊ ခံစားချက်တွေ တူတာများပါတယ်၊ လက်မှတ်ထိုးဖို့ကိုတော့ သေချာတက်ဖြစ်ကြမယ်၊ မတက်ဖြစ်ဘူး အတိအကျ မပြောနိုင်သေးပါဘူး”
+++++++++++++++++++++++++++++++++++++++++++++++
ရဲဘော်သံခဲ
ကျောင်းသားတပ်မတော် #ABSDF ဥက္ကဋ္ဌ

“တစ်တိုင်းပြည်လုံးအတိုင်းအတာ ဆွေးနွေးမှုမှာ ကျောင်းသားတပ်မတော်က ပါဝင်နေတယ်ဆိုပေမယ့် ကျွန်တော်တို့လည်း နှစ်ဘက် ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းရဦးမှာတွေကလည်း ရှိနေပါသေးတယ်၊ ကျွန်တော်တို့ အင်အားစုတွေ အားလုံးကြားမှာ ရှင်းရှင်းလင်းလင်း တွေ့ဆုံဆွေးနွေးလို့ရမယ့် နိုင်ငံရေး အခင်းအကျင်းကတော့ လိုတာပေါ့။ အဲ့ဒါမှ နောက်နိုင်ငံရေးတွေမှာ ပြင်ဆင်နိုင်မယ် အဲ့ဒီ မှာလည်း ကျောင်းသားတပ်မတော်က ဆက်ပြီး ပါဝင်နေဦးမှာပါ၊ အစိုးရဘက်က ပြောနေတဲ့ တစ်တိုင်းပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် ပြောနေသလိုပဲ ညှိနှိုင်းဖို့ကို တိုင်းရင်းသား လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေကြားမှာလည်း ဒီလိုပဲ ညီလာခံဆွေးနွေး ပွဲကြီး လုပ်ဖြစ်သွားဖို့ ရှိတယ်လို့တော့ ပြောချင်ပါတယ်”
+++++++++++++++++++++++++++++++++++++++++++++++
ဦးလှမောင်ရွှေ
အကြီးတန်းအရာရှိ - မြန်မာ့ငြိမ်းချမ်းရေးဂေဟာ

“အားလုံးရဲ့ ရည်မှန်းချက်က နိုင်ငံရေးဆွေးနွေးပွဲကိုသွားဖို့ ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တို့ အနေနဲ့ ပြောချင် ပါတယ်၊ သမ္မတကြီးပြောသလိုပါပဲ။ ပဋိပက္ခဆိုတာက နိုင်ငံရေးဆွေးနွေးပွဲနဲ့ အဖြေရှာမှရမှာပါ၊ အဲ့တော့အခု KIOဘက်က တိုင်းရင်းသားတွေနဲ့ ထပ်ဆွေးနွေးမယ် ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲကို အဆင့်တတ်ဖို့၊ တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးလက်မှတ်ရေး ထိုးပွဲမှာ ပါဝင်ဖို့ နည်းလမ်းတစ်ခုကို ရှာတာပဲနေမှာပါ၊ သူတို့ဘက်က မလာနိုင်ဘူး၊ ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲကို မတတ်နိုင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ အစိုးရဘက်ကလည်း ကြိုးစားနေပါတယ်၊ အဲ့ဒါကြောင့်လည်း အခုလိုတွေ လက်မှတ်ထိုးတဲ့အဆင့်တွေ လုပ်လာနိုင်တာလို့ ပြောချင်တယ်”
+++++++++++++++++++++++++++++++++++++++++++++++
ဦးစခုန်တိန့်ယိန်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်

“တိုင်းရင်းသားတို့အနေနဲ့ မိမိတို့အလိုရှိတဲ့ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူညီမျှရေး၊နိုင်ငံရေးအာဏာ အဆင့်လိုက် ခွဲဝေသုံးစွဲရေးစတဲ့ လိုလားချက်တွေကလည်း ဥပဒေဘောင်အတွင်းမှာ ရှိတာပဲ အကောင်းဆုံးပါ၊ ဥပဒေဘောင် အပြင်ကနေ လုပ်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေ လိုလားချက်ကို ရလာဖို့ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်၊ အဲ့ဒါကြောင့် စစ်တွေကြားမှာ နစ်နာခဲ့တဲ့ ပြည်သူတွေ ကိုငဲ့ပြီး KIO အနေဖြင့် မိမိတို့လက်ကိုင်ထားတဲ့ တရားသေ မူဝါဒကို လှည့်ပြောင်းပေးစေချင်တယ်”

Mizzima

No comments:

Post a Comment