Tuesday, October 8, 2013

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အလွဲသုံးစားမှုဖြင့် တိုင်ကြားထားသည့် ဖြစ်စဉ်အတွက် စစ်ဆေးမှုများ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို အလွဲ သုံးစားမှုများ ဖြင့် တိုင်ကြားထားရာ ယင်းတိုင်ကြားမှုနှင့်ပတ်သက်ပြီး ဒေသခံများကို လာရောက် စစ်ဆေး ခြင်းများ ပြုလုပ်သည်ဟု ယင်းဒေသခံများက အောက်တိုဘာ ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းသို့ အလွဲသုံးစားမှုများနှင့် ပတ်သက်ပြီး ဒေသခံများက တိုင်းဒေသကြီးအစိုးရသို့ စက်တင်ဘာလ အတွင်းက တိုင်ကြားထားရာ ဒေသခံများကို အောက်တိုဘာ ပထမပတ်အတွင်းတွင် တာဝန်ရှိသူများက လာရောက် စစ်ဆေးမှု များ ပြုလုပ်ခြင်းဖြစ်သည်။

လာရောက် စစ်ဆေးရာတွင် ထိုကျေးရွာရှိ ရွာသားများကို မြို့နယ်သစ်တောဦးစီးမှူးနှင့် မြေစာရင်းဌာန တာဝန်ရှိသူ များက လာရောက်စစ်ဆေးမေးမြန်းသည်ဟု ကျောက်ထုံးကြီး ကျေးရွာသားတစ်ဦးဖြစ်သူ စစ် ဆေးခံခဲ့ရသူ ကိုကျော်စွာဝင်းက အောက်တိုဘာ ၇ ရက်တွင် ပြောသည်။

ရွာသားများ၏ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားချက်တွင် မြန်မာစိုက်ပျိုးရေးဘဏ်မှ မိုးသီးနှံ အတွက် တောင်သူများ အား ချေးငွေထုတ်ပေးခြင်းကို အလွဲသုံးစားလုပ်ခြင်း ၊ ချေးငွေ ထုတ်ပေးရန် အတွက် ငွေကောက်ခံခြင်း၊ သစ်တောကြိုး ၀ိုင်းမြေကို အငှားချခြင်း၊ ရောင်းချခြင်း ၊ ကျေးရွာပိုင် သင်္ချိုင်းဟောင်းမြေအား လူနည်းစု၏ သဘောဖြင့် ရောင်းချခြင်း၊ ကျေးရွာပိုင် ကြက်ဆူခင်း အား အလွဲသုံးစားလုပ် ရောင်းချ ခြင်း၊ တိုက်နယ်ဆေးရုံ ဆောက်လုပ်ရေးတွင် ရွာလူထုထံမှ အတင်းအဓ္ဓမ လုပ်အားပေးစေခိုင်းခြင်း၊ ငွေ ကောက်ခံခြင်း ကိစ္စရပ်များ ဖြစ်သည်။

ကိုကျော်စွာဝင်းက “ကျွန်တော်တို့ကို ကသာမြို့နယ်၊ သစ်တောဦးစီးမှူးက ဦးစီးပြီး လာစစ်တယ်။ တိုင်ချက်ကြောင့် စစ်တာပါ။ အစိုးရက မိုးစပါးအတွက် ချေးငွေထုတ်ပေးတာမှာ သုံးထောင်ကောက်တဲ့ ကိစ္စကို အဓိကစစ်တယ်။ သစ်တောကြိုးဝိုင်းထဲက မြေနဲ့ ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးက ဘယ်သူတွေကို ပေးထားလဲ အသေးစိတ် မေးတယ်”ဟု ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းတင်ကို အာဏာအလွဲသုံးစားမှုဖြင့် ကျေးရွာသား ၁၆ ဦးက လက်မှတ်ရေး ထိုးကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ တိုင်ကြားမှုကို ကသာမြို့နယ် သစ်တောဦးစီးမှူးက ဦးဆောင်ကာ အောက်တိုဘာလ ပထမပတ်အတွင်းက ကွင်းဆင်းစစ်မေးခဲ့ခြင်း ဖြစ်သည်။

သစ်တောကြိုးဝိုင်းမြေကို အငှားချခြင်း၊ ရောင်းချခြင်းသည် ကျေးရွာအုပ်ချုပ်ရေးမှူးတွင် လုပ်ပိုင်ခွင့်မရှိဘဲ ထိုလုပ်ပိုင် ခွင့်သည် သစ်တောဝန်ကြီးဌာနနှင့်သာသက်ဆိုင်ကြောင်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌမှ မှတ်ချက်ပြုကြောင်း စစ်ဆေးခြင်း ခံရသူ ကိုကျော်စွာဝင်းက ပြောသည်။

ရွာသားများ၏ တိုင်ကြားချက် မိတ္တူများကို မဇိ္ဈမသတင်းစာက လက်ခံရရှိထားပြီး သက်ဆိုင်သူ ကျေးရွာ အုပ်ချုပ်ရေး မှူးအား အကြိမ်ကြိမ် ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

Mizzima - News in Burmese

No comments:

Post a Comment