Thursday, October 17, 2013

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ သဘောထားထုတ်ပြန်

အောက်တိုဘာ ၉ ရက်မှ စတင်ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးတွေ့ရှိမှုများ၊ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းအပေါ် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က သဘောထား ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

ထုတ်ပြန် ကြေညာချက် အပြည့်အစုံမှာ "ယခင် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံ အရပ်ရပ်တွင် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးထောင်မှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေကျေ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း စိတ်မကောင်းဖွယ်ရာ ကြားသိရသည်။ ဗုံးပေါက်ကွဲမှုနှင့် ဗုံးထောင်မှုများကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းက မည်သည့် ရည်ရွယ်ချက်များကြောင့် မည်သို့သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည် ဖြစ်စေ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။ ယခုဖြစ်ပွားနေသည့် ဗုံးထောင်မှု၊ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်သည့် အဓိက တရားခံ အစစ်အမှန်များအား အမြန်ဆုံး ရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန်လည်း တိုက်တွန်းအပ်ပါသည်"ဟု ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးမြင့်အောင်က "အဓိကကတော့ ဗုံးခွဲတဲ့အတွက် တကယ်တမ်း ခံစားရတာက အပြစ်မဲ့ ပြည်သူတွေဖြစ်တယ်။ ဘာမှလည်း အဓိပ္ပာယ်မရှိဘူး။ ဒီလို ဖောက်ခွဲမှုတွေကြောင့်လည်း အပြောင်းအလဲက ဖြစ်လာနိုင်စရာမရှိဘူး။ ဒီလိုလုပ်တဲ့ အပေါ်လည်း နိုင်/ကျဉ်းအဖွဲ့က ရှုတ်ချတယ်။ တာဝန်ရှိတဲ့ အစိုးရအနေနဲ့ ဘယ်သူ လုပ်တယ်ဆိုတာကို တရားဝင် ထုတ်ဖော် ကြေညာပေးရမှာဖြစ်တယ်"ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment