Wednesday, October 23, 2013

ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်မှုကြောင့် ဒုရဲအုပ်လောင်းများနှင့် ရဲအုပ်အဆင့် ရာထူးတိုး စာမေးပွဲများကို ပြုလုပ်ရန် စီစဉ်


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံသစ်အရ ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်နေမှုကြောင့် ဒုရဲအုပ်လောင်း များနှင့် ရဲအုပ်အဆင့် ရာထူးတိုး စာမေးပွဲများကို ပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်း တွင် ပြော ကြားခဲ့သည်။

ဒုရဲအုပ်လောင်း ရာထူးစာမေးပွဲကို တပ်ဖွဲ့ဝင်များအပြင် ပြင်ပမှလည်း ၀င်ရောက်ဖြေဆိုနိုင်ပြီး ရဲအုပ် စာမေးပွဲကို တပ်အတွင်း၌ ဒုရဲအုပ်အဖြစ် အနည်းဆုံး သုံးနှစ်တာ ၀န်ထမ်းဆောင်နေသူ၊ ပြစ်ချက်မရှိသူ၊ အသက် ၃၀ ထက် မကြီးသူ ဖြစ်ရမည်ဟု စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒုရဲအုပ်များနှင့် ရဲအုပ်စာမေးပွဲများ ပြုလုပ်ရန် စီစဉ်ခြင်းနှင့် ပတ်သက်၍ "အဓိကတော့ ဖွဲ့စည်းပုံအရ တပ်ဖွဲ့ဝင်အင်အား လိုအပ်ချက် ရှိနေတဲ့အတွက် ပြုလုပ်ရခြင်း ဖြစ်တယ်။ ဒုရဲအုပ်လောင်း ဖြေ ဆိုမှုကိုတော့ ယခုလ ၂၆ ရက်နေ့မှာ စတင်မယ်။ ရဲအုပ်အဆင့် စာမေးပွဲ ဖြေဆိုမှု ကိုတော့ နိုဝင်ဘာလ အတွင်း ပြုလုပ်မယ်လို့ စီစဉ်ထားပါတယ်။ အခုလို စာမေးပွဲတွေ ၀င်ရောက်ဖြေဆိုမယ့် သူတွေအနေနဲ့ ရဲတပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျည်း၊ စည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိရပါမယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်း တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့များ၊ တပ်ဖွဲ့များ၊ ရဲလေ့ကျင့်ရေး ဌာနကြီး၊ အရန်ရဲတပ်ဖွဲ့ ၀င်များနှင့် ရဲတပ်ရင်းများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၌ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာယာတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ စသည့်တပ်ဖွဲ့ များကိုလည်း ဖွဲ့စည်းထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာမှ သိရသည်။

Eleven Media Group

အောက်တိုဘာ ၇ ရက်တွင် သံတွဲမြို့နယ်အတွင်း လုံခြုံရေး စောင့်နေသော ရဲတပ်ဖွဲ့ဝင်နှစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်)

No comments:

Post a Comment