Friday, October 11, 2013

တရားသူကြီးများပါ ကျမ်းကျိန်ရမည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ သမ္မတ အတည်ပြု

ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့သည့် တရားသူကြီးများပါ ကျမ်းသစ္စာ ကျိန်ဆို ရမည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အောက်တိုဘာ ၈ ရက်က သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေကို ပြင်ဆင်သည့် အချက်များကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး အချက်လေးချက် တင်သွင်းခဲ့ရာတွင် နှစ်ချက်ကို ပြင်ဆင်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''တရားသူကြီးအဖြစ် ရွေးချယ်ခန့်အပ်ထားခြင်း ခံရသူများအား တရားသူကြီးအဖြစ် စတင်တာဝန်ပေးသည့် အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်။ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်း မဆောင်ရွက်ရသေးသော တရားသူကြီးများ အတွက်လည်း ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်'' ဟု ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၂၃၊ ပုဒ်မခွဲ(ခ)၏ နောက်တွင် ပုဒ်မခွဲ(ဂ)အဖြစ် ထည့်သွင်းရမည်ဟု အဆိုပါ ပြဋ္ဌာန်းမှုတွင် ပါရှိသည်။
''ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၆၇ ပါ'' ရဲတပ်ဖွဲ့ အချုပ်စခန်းများအား စစ်ဆေးကြည့်ရှု နိုင် သည်'' ဆိုသည့် စကားရပ်အား ''ရဲတပ်ဖွဲ့ အချုပ်စခန်းများကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆေးကြည့်ရှု ရမည်'' ဆိုသည့် စကားရပ်၊ ပုဒ်မ ၆၈ ပါ ''ရဲတပ်ဖွဲ့အချုပ်စခန်းများအား စစ်ဆေးကြည့်ရှု နိုင်သည်'' ဆိုသည့် စကားရပ်အား'' ရဲတပ်ဖွဲ့အချုပ်စခန်းများကို အနည်းဆုံး ခြောက်လ လျှင် တစ်ကြိမ် စစ်ဆေးကြည့်ရှု ရမည်'' ဆိုသည့် စကားရပ်များဖြင့် အစားထိုး ရမည်ဟု ပြင်ဆင်သည့် ဥပဒေတွင် ပါရှိသည်။
''ကျွန်တော် တင်တုန်းကတော့ အမှုစစ်တိုင်းမှာ တရားသူကြီးတွေ ကျမ်းကျိန်ရမယ်ဆိုတဲ့ သဘောမျိုးပါ။ အခုကတော့ တစ်ခါပဲ ကျိန်ရမယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခါ ကျိန်ထားတယ် ဆိုရင်လည်း အဂတိ လိုက်စားမှုရှိတဲ့ တရားသူကြီး တစ်ဦးဟာ အခုဘ၀မှာတင် မဟုတ်ဘဲ ဘ၀ဆက်တိုင်း ဆက်တိုင်းမှာ ငရဲကြီး အထပ်ထပ်ကို သွားရမယ်ဆိုတာ ကျမ်းကျိန်တဲ့ထဲမှာ ပါပြီးသားပဲ။ နောက်ပြီး ကျွန်တော် လွှတ်တော်မှာ မေးတုန်းက တရားသူကြီးတွေက အချုပ်ခန်း သို့မဟုတ် ထောင်တွေကို တစ်ခါမှတောင် မရောက်ဖူးဘူးလို့ သိရတယ်။ အဲဒါကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒါဟာ လုပ်ရမည်ဆိုတဲ့ ပြဋ္ဌာန်းချက် မရှိလို့ဘဲလို့ ယူဆပြီး ဒါကိုထည့်လိုက်တာ။ ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တာ စုံစုံ မစုံစုံ ဒီလောက်ထိ ပြင်ပေးတာကို ကျေနပ်ပါတယ်'' ဟု ပြင်ဆင်ချက် ဥပဒေကြမ်း တင်သွင်းခဲ့သူ ဦးသိန်းညွန့်က ပြောကြားသည်။

Eleven

No comments:

Post a Comment