Friday, November 1, 2013

iPhone 5S ရဲ့ Touch ID ကို ယုံကြည်သင့်ပြီလား

စက်တင်ဘာ ၁၀ ရက် နေ့တုန်းက Cupetrino ကနေ iPhone အသစ်တွေ ဖြစ်တဲ့ iPhone 5C နဲ့ iPhone 5S တို့ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် iPhone တွေနဲ့ ပတ်သက်တဲ့ ပြောစရာစကားတွေ အများအပြား ထွက်ပေါ်လာခဲ့ကြပါတယ်။ iPhone 5 ကိုပဲ ဒီအတိုင်း အဆင့်မြှင့်တင် ထားတာလား၊ ဘယ်လို ထူးခြားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ထားသလဲဆိုတာ အသေအချာ လေ့လာနေကြပါပြီ။ Apple ရဲ့ တရားဝင် ဖော်ပြတဲ့ အချက်အလက်တွေအရ iSight ကင်မရာအသစ်၊ 64 bit A7 Chip အသစ် အစရှိတဲ့ တီထွင်မှု အသစ်တွေ နဲ့ ထိပ်တန်းစမတ်ဖုန်းနေရာကို ဆက်လက် ဦးဆောင်နိုင်တဲ့ အတွက် Apple ရဲ့ ရှယ်ယာပိုင်ရှင်တွေအဖို့ Apple ကို အထင်ကြီး လေးစားစရာတွေ အလုံအလောက် ရရှိသွားပြီ ဖြစ်ပါတယ်။ Apple TV နဲ့ iWatch အကြောင်း ကရော ဘာတွေ ဖြစ် သွားပြီလဲ။ လောလောဆယ်မှာတော့ လုံးဝ တိတ်ဆိတ်နေပြီး အချိန် အနည်း ငယ် ကြာမှသာ ပြန်လည် သတင်းထွက်ပေါ်လာနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိ အချိန်မှာ ကမ္ဘာ့သ တင်း မီဒီယာအကြား ရေပန်းအစားဆုံး အကြောင်းအရာကတော့ Apple ရဲ့ နည်းပညာ အသစ်အဖြစ် iPhone 5S မှာ ထည့်သွင်းပေးလိုက်တဲ့ Touch ID အကြောင်းပါပဲ။ fingerprint sensor တစ်နည်းအားဖြင့် လက်ဗွေအာရုံစနစ် အဖြစ် အသုံးပြုနိုင်မယ့် ဒီနည်းပညာဟာ သတင်းမီဒီယာတွေ၊ Website တွေ၊ Blog တွေနဲ့ နည်းပညာသမားတွေ အကြားထဲမှာ အလှုပ်ခတ်ဆုံး နည်းပညာ တစ်ခုအဖြစ် တစ်မုဟုတ်ချင်း ရောက်ရှိသွားပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း iOS အသစ်၊ iDevice အသစ်ထွက်ရှိလာတဲ့အခါ Hacker တွေ အနေနဲ့ ဘယ်လို ချိုးဖောက်နိုင်တယ်၊ ဘယ်လို bug တွေပါလာတယ် စသည်ဖြင့် ပြောဆိုသံတွေဟာလည်း ပလူပျံအောင် ထွက်ပေါ်လာခဲ့ပါတယ်။ Apple ရဲ့ လုံခြုံရေး စနစ်သစ်ဖြစ်တဲ့ Touch ID ကိုလည်း ဘယ်လို အားနည်းချက်ရှိတယ်၊ ဘယ်လို ဟာကွက် ရှိတယ်ဆိုပြီး ဝေဖန်ပြောဆိုသံတွေ အများအပြား ထွက်ပေါ်လာလျက် ရှိပါတယ်။ ဒီလို ထွက်ပေါ်လာတဲ့အတွက် Apple ဟာ iDevice အသုံးပြုသူတွေကို Touch ID နဲ့ ပတ်သက်တဲ့ စိုးရိမ်ကြောင့်ကြမှု စိုးစဉ်းမျှ မဖြစ်ပေါ်ဖို့ ပြောဆိုလိုက်ပါတယ်။

လက်ဗွေရာ အသုံးပြုသည့် လုံခြုံရေး စနစ်ဟာ အသုံးပြုသူတွေဆီ ရောက်ရှိလာဖို့ အချိန်အတော်ကြာကြာ စောင့်စားခဲ့ရတဲ့ နည်းပညာဆိုလည်း မမှားပါဘူး။ Apple ဟာ 2009 ခုနှစ်မှာ အမေရိကန်နိုင်ငံ မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ဆိုင်ရာ ရုံးမှာ နည်းပညာတစ်ခုကို မူပိုင်ခွင့်အဖြစ် စတင် မှတ်ပုံတင်ခဲ့ပါတယ်။ အဲဒီ နည်းပညာက ဒီနေ့ Touch ID နည်းပညာမှာ အသုံးပြုထားတဲ့ biometric လုံခြုံရေးစနစ် နည်းပညာပါပဲ။ ဒီစိတ်ကူးကို အနာဂတ် Apple ရဲ့ ထုတ်ကုန်တွေဖြစ်လာမယ့် iPhone, MacBook တွေမှာ အသုံးချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ဒီနည်းပညာဟာ သက်သေခံ အချက်အလက်တွေကို လုံခြုံတဲ့ ကုတ်တွေအဖြစ် ပြောင်းလဲသိမ်းဆည်းကာ နှိုင်းယှဉ်ဖော်ပြဖို့ လိုအပ်တဲ့ အချိန်မှာ ပြန်လည် အသုံးပြုနိုင်စေပါတယ်။ Biometric လုံခြုံရေး စနစ်ကို Apple ဟာ အချိန်များစွာ ယူ၍ တည်ဆောက်ပြီးမှ လက်ဗွေ အာရုံခံစနစ်အဖြစ် အသုံးပြုသူတွေဆီကို ချပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် iPhone 5 ထွက်ရှိတဲ့ အချိန်ကတည်းက အဆင်သင့် ဖြစ်နေတဲ့ ဒီနည်းပညာကို ပိုမိုလုံခြုံတဲ့ စနစ် ဖြစ်စေချင်တာကြောင့် အလျင်စလို မထည့်သွင်းခဲ့ဘဲ iPhone 5S ထွက်ရှိတဲ့ အချိန်ကျမှသာ နည်းပညာသစ် တစ်ရပ်အဖြစ် ထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနည်းပညာနဲ့အတူ နောက်ကွယ်ကနေ လိုက်ပါ ပြောင်းလဲရမယ့် ပြောင်းလဲမှုဟာ မခန့်မှန်းနိုင်လောက်အောင် အလွန်ကြီးမားလှပါတယ်။ ဥပမာ digital ပိုက်ဆံအိတ်လို့ လူသိများတဲ့ မိုဘိုင်းဖုန်း ငွေချေစနစ်ဟာလည်း iPhone ရဲ့ Touch ID လုံခြုံရေး စနစ်နဲ့အတူ လိုက်ပါပြောင်းလဲရတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုကျိန်းသေ ပြောနိုင်ရသလဲဆိုတဲ့ အကြောင်းအရင်း ရှိပါတယ်။ 2012 မှာ Apple ဟာ finger print လုံခြုံရေး နည်းပညာ အခြေပြု ကုမ္ပဏီ ဖြစ်တဲ့ AuthenTec ဆီက ရှယ်ယာတစ်ခုကို S8 တန်ဖိုးနဲ့ ရှယ်ယာတန်ဖိုးပေါင်း $356 million ပမာဏ ဝယ်ယူကာ finger print နည်းပညာပိုင်းကို ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ AurthenTec ကုမ္ပဏီဟာလည်း မိုဘိုင်းဖုန်းနဲ့ ပတ်သက်တဲ့ ငွေပေးချေမှု စနစ်မှာ အောင်မြင်မှု ရရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ Apple ရဲ့ ပရိသတ်တွေဟာ အဲဒီအချိန်ကလည်း finger print နည်းပညာဟာ နောက်ထပ် ထွက်ပေါ်လာမယ့် iDevice တွေမှာ ပါရှိလာနိုင်မယ့် နည်းပညာဆိုတာ ခန့်မှန်းမိခဲ့ကြပါတယ်။

တကယ်တမ်း iPhone 5S ထွက်ရှိလာတဲ့ အခါမှာလည်း ပုံမှန် ဌာနဆိုင်ရာတွေမှာ အသုံးပြုနေကျ finger print နည်းပညာနဲ့ မတူဘဲ ထူးခြားတဲ့ hardware တည်ဆောင်ပုံ၊ လုံခြုံရေး စနစ်တို့နဲ့အတူ Touch ID နည်းပညာအဖြစ် ပါဝင်လာခဲ့ပါတယ်။ iPhone ရဲ့ Home Button အပေါ်ဆုံး အလွှာမှာ sapphire crystal ကို လေဆာစနစ်နဲ့ အတိအကျ ဖြတ်တောက် ထည့်သွင်းထားပြီး stainless steel ring နဲ့ ဝန်းရံထားပါတယ်။ Home button ပေါ် ကျရောက်လာတဲ့ လက်ဗွေရာ ပုံရိပ်ကို 360ံဘယ်နေရာမဆို ဖတ်နိုင်စွမ်းရှိပြီး အရည်အသွေးမြင့် ပုံရိပ် (Apple ရဲ့ အဆိုအရ 500 ppi နှုန်း) အဖြစ် ဖမ်းယူကာ A7 chip ပေါ်မှာ သီးသန့် လုံခြုံရေး စနစ်အချက်အလက် အဖြစ် သိမ်းဆည်းပေးပါတယ်။ ဒါကြောင့် ထွက်ပေါ်နေတဲ့ ကောလာဟလတွေအတိုင်း User တွေရဲ့ အချက်အလက်တွေကို iCloud အစရှိတဲ့ တခြားမည်သည့် Apple server တွေပေါ်ကိုမှ ရောက်ရှိမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ iDevice တွေထဲမှာပဲ ကိုယ့်ရဲ့ လုံခြုံရေး အချက်အလက်တွေ တည်ရှိနေမှာ ဖြစ်တာကြောင့် လုံခြုံမှု အဆင့်အတန်း အမြင့်မားဆုံး ဖြစ်ပါတယ်။ Apple ရဲ့ အဆိုအရ Touch ID မှာ အသုံးပြုထားတဲ့ finger print နည်းပညာဟာ လူ့အရေပြားရဲ့ အောက်ဘက်အလွှာအထိ ဖတ်ရှုသိရှိနိုင်ပြီး ဖတ်ရှုသူရဲ့ (သွေးခုန်နှုန်း) အစရှိတဲ့ အခြားအချက်အလက်တွေကိုပါ သိမ်းဆည်းမှာ ဖြစ်ပါတယ်။ ဒီအခါ အရင် finger print လုံခြုံရေး စနစ်တွေမှာ တွေ့ကြုံရလေ့ရှိတဲ့ ပိုင်ရှင်ရဲ့ လက်ဗွေရာကို အတုပြုလုပ်တာမျိုး၊ ရာဇဝတ်မှု ကျူးလွန်တတ်သူတွေက လက်ချောင်းကို ဖြတ်ကာ ဖွင့်စေတာမျိုး ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ Touch ID အသုံးပြုပြီး iTune ကနေ တေးသီချင်းတွေ ဝယ်ယူတာ၊ App Store ကနေ Apps တွေ ဝယ်ယူတာ၊ iBooks ကနေ ebooks တွေ ဝယ်ယူတာမျိုး ပြုလုပ်နိုင်ပေမယ့် အခြား online shopping အတွက် ငွေပေးချေမှုမျိုးတော့ မပြုနိုင်သေးပါဘူး၊ ဒါပေမယ့် Touch ID စနစ်ဟာ online banking စနစ်ရဲ့ လုံခြုံရေး စနစ်သစ်အဖြစ် ဖိအားပေးနိုင်မှာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Apple ရဲ့ biometric နည်းပညာဟာ finger print နည်းပညာနဲ့ စတင်ပြီး တခြားနယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့ ရည်ရွယ်ထားပုံ ရပါတယ်။ Apple ရဲ့ MacBook, iMac အစရှိတဲ့ ထုတ်ကုန်တွေမှာလည်း ဒီနည်းပညာကို ထည့်သွင်း အသုံးပြုတော့မယ်လို့ ဆိုပါတယ်။ Touch ID လုံခြုံရေး စနစ်ကို လက်ရှိမှာ mobile payment စနစ်အဖြစ် နိုင်ငံအချို့မှာ အသုံးပြုနေတဲ့ NFC နည်းပညာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်သေးဘူးလို့လည်း Apple က အတိအလင်း ကြေညာထားပြီး အသုံးပြုသူတွေတွက် ဘက်စုံ အံဝင်ခွင်ကျ ဖြစ်လာတဲ့ အချိန်မှသာ mobile payment တွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

မင်းသုနောင်
Ref & Credit to : Mobile Guide Journal

No comments:

Post a Comment