Tuesday, December 17, 2013

နယ်စပ်အရေး ဆွေးနွေးရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ


မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေသော နယ်စပ် သောင်း ကျန်း သူများ အရေး ဆွေးနွေးရန် အတွက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ အင်ဖာမြို့သို့ ရောက် ရှိနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာ အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်း ရာတွင် ယင်းခရီးစဉ် အပြီး၌ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သွားရန် ရှိကြောင်း သမ္မတရုံး အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်သည် ၄င်း၏ဇနီး ဒေါ်သန်းသန်းနွယ် အပါအဝင် အရာရှိ ခြောက်ဦးနှင့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် အင်ဖာမြို့သို့ စတင်ရောက်ရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ တရားဝင် ကြေညာထားခြင်း မရှိခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ယင်းခရီးစဉ်မှာ မြန်မာနယ်မြေ အတွင်း ကိန်းအောင်းနေသည့် အိန္ဒိယ သောင်းကျန် သူများကို ဖယ်ရှားရန်၊ နယ်စပ်လုံခြုံရေး ကိစ္စများ ဆွေးနွေးရန်၊ လက်နက်မှောင် ခို ရောင်းဝယ်မှုများကို တားဆီးရန်နှင့် နှစ်နိုင်ငံ နယ်စပ် အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ဖြစ်ကြောင်း အိန္ဒိယအစိုးရ အရာရှိ အချို့၏ ပြောကြားချက်ကို ကိုးကား၍ ယင်းသတင်းများတွင် ဖော်ပြထားသည်။

ထို့အပြင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ၄င်း၏ ခရီးစဉ်အတွင်း မီဇိုရမ် ပြည်နယ်ရှိ သောင်းကျန်း သူများ နှိမ်နင်းရေးနှင့် စစ်ဆင်ရေး လေ့ကျင့်သင်ကြားရေး ကျောင်း (CIJW) သို့ သွားရောက် လေ့လာ ခဲ့ပြီး၊ မြန်မာတပ်မတော် ကိုလည်း လေ့ကျင့် ပေးရန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ပေး ရန် တောင်းဆို ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် ၁၉၆၄ ခုနှစ်မှ စတင်၍ ခြေကုပ်ယူထားသော အိန္ဒိယအစိုးရ ဆန့်ကျင်သောင်းကျန်သူ များကို မြန်မာနိုင်ငံတွင် လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန် အတွက် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ အေကေအန်တိုနီ၊ အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ် ခဲ့သည်။

The Voice Weekly

No comments:

Post a Comment