Wednesday, December 18, 2013

သူရိယနေ၀န်းဂျာနယ်နှင့် ပတ်သက်သည့် ပြန်ကြားရေးတောင်းဆိုမှု စာနယ်ဇင်းကောင်စီ လိုက်လျောမည်မဟုတ်

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်ဘဲ အစိုးရကို ထိခိုက် စေသည်ဟုဆိုကာ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားခဲ့သော်လည်း စာနယ်ဇင်းကောင်စီဘက်မှ ၀င်ရောက်ညှိနှိုင်းပေးမည်မဟုတ်ဟု စာနယ် ဇင်းကောင်စီ အတွင်းရေးမှူးဦးကျော်မင်းဆွေက ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“စာနယ်ဇင်းကောင်စီက ယာယီပဲဖြစ်တဲ့အတွက် တစ်စုံတစ်ခုကို ဖိအားပေးခွင့်မရှိပါဘူး။ ပြန်ကြားရေးဌာ နက သူရိနေ၀န်းဂျာနယ်နဲ့ပတ်သက်ပြီး ဒီလိုမျိုးအကြောင်းကြားစာ လက်ခံရရှိထားတယ်ဆိုတာကို အသိ ပေး အကြောင်းကြားစာ ပို့မှာပါ”ဟု ဦးကျော်မင်းဆွေက ပြောသည်။

သူရိယနေ၀န်းဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်သည့်အတွက် ညှိနှိုင်းဆောင်ရွက်ရန် စာနယ်ဇင်းကောင်စီ(ယာယီ)သို့ ဒီဇင်ဘာ ၁၂ ရက်က ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီသို့ ပေးပို့ခြင်းဖြစ်သည်။

စာနယ်ဇင်းကောင်စီမှ သူရိယနေ၀န်းဂျာနယ်သို့ပေးပို့သည့် အသိပေးအကြောင်းကြားစာကို ဒီဇင်ဘာ၁၇ ရက်စွဲဖြင့် စာတိုက်မှတစ်ဆင့် ပေးပို့လိုက်ခြင်းဖြစ်သည်။ အကြောင်းကြားစာတွင် ပြန်ကြားရေးဝန်ကြီးဌာ နမှ သူရိယနေ၀န်းဂျာနယ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အကြောင်းအရာများ ပါဝင်သည်ဟုလည်း ဦးကျော်မင်းဆွေက ဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သူရိယနေ၀န်းဂျာ နယ် ထုတ်ဝေရန် လျှောက်ထားစဉ်က လိုက်နာကျင့်သုံးရမည့် စံနှုန်းများကို လိုက်နာရန် လက်မှတ်ရေး ထိုးခဲ့သော်လည်း အဆိုပါ စံနှုန်းများအား ဖောက်ဖျက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သူရိနေ၀န်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ပြန်လည်ဖြေကြားချက် မရခဲ့ပေ။ ဦးမိုးဟိန်းက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၊ ဂျာနယ်လစ်ကွန်ရက်၊ ဂျာနယ်လစ်သမဂ္ဂ စသည်တို့သည် တစ်နိုင်ငံလုံးအား ကိုယ်စားပြု၊ မပြုနှင့် စာနယ်ဇင်းဝါဒ၊ ကျင့်ဝတ်၊ အက်ဥပဒေ၊ အခြေခံမူများကို မည်သူ တွေက ရွေးချယ်ထားသနည်းဟု အောက်တိုဘာလအတွင်းက မဇ္ဈိမ၏ မေးမြန်းမှုတစ်ခုတွင် ပြန်လည် မေးခွန်းထုတ်ထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း သူရိယအလင်း အပတ်စဉ်ထုတ်ဂျာနယ်၏ ရေးသားဖော်ပြမှုများ သည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီပာု အောက်တိုဘာ ၃၀ ရက် နေ့စွဲဖြင့် သဘောထားဖြင့်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

အငြိမ်းစားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေးဖြစ်သူ နေရွှေသွေးအောင်နှင့် ပတ်သက် သည့် “မော်စကိုမှာသာတဲ့လ” ဆောင်းပါးကို သူရိယအလင်းဂျာနယ်တွင် ဖော်ပြပြီးနောက် ထုတ်ဝေသူနှင့် အမှုဆောင်အရာရှိချုပ်တို့ သဘောထားမတိုက်ဆိုင်မှု ဖြစ်ပေါ်ပြီးမှ သူရိယနေ၀န်းဂျာနယ်အဖြစ် ထပ် မံပေါ်ပေါက်လာခဲ့သည်။

ယုဝေ
Mizzima - News in Burmese

No comments:

Post a Comment