Monday, December 16, 2013

မြန်မာ-အင်ဒိုနီးရှားပွဲစဉ် ဂိုးပြတ် မပြတ်သာ စောင့်ကြည့်ရမည်

အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ၁၆ ရက်နေ့ ညနေ ၆း၄၅ နာရီတွင် ပရိသတ် သုံးသောင်းကျော်ဆံ့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကြမည့် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ၏ မြန်မာအသင်းနှင့် အင်ဒိုနီးရှားတို့၏ ပွဲစဉ်၌ မြန်မာအသင်း အနိုင်သေချာပြီး ဂိုးပြတ်မပြတ်သာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်ပြော ကြားသည်။

မြန်မာအသင်း၏ လက်ရှိ ခြေစွမ်းမှာ ဒေသတွင်း နိုင်ငံများ၊ တောင်ကို ရီးယားနှင့် ဂျပန် တို့တွင် ကစားခဲ့သည့် ခြေစွမ်းထက် တိုးတက်ကောင်းမွန် လာမှုကြောင့် ယင်းသို့ ပြောနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

သို့သော် မြန်မာကစားသမားများ အနေနှင့် အသင်းသား အချင်းချင်း စည်းလုံးရန်လိုပြီး ဂိုးရလိုဇော ဆန္ဒမပြင်းရန် လိုကြောင်း၊ အင်ဒိုနီးရှား၏ ခြေစွမ်းမှာ အုပ်စုပထမပွဲနှင့် ဒုတိယ ပွဲစဉ်များတွင် အားနည်းခဲ့သော်လည်း မြန်မာအသင်းနှင့် အုပ်စုနောက်ဆုံးပွဲ ကစားရမည် ဖြစ်သောကြောင့် အစွမ်းကုန် ကြိုစားကြမည်ဖြစ်ရာ ထိုင်းနှင့် ပွဲစဉ်ကကဲ့သို့ အမှားမျိုး (ဒုတိယပိုင်းအစ အထနှေးမှု) မပြုမိရန် လိုကြောင်း ၎င်းက မှတ်ချက်ပြုသည်။

အုပ်စု (က) ၏ အသင်းများမှာ အကြိုဗိုလ်လုပွဲ တက်ရန် ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား သုံးသင်းအပြိုင် ဖြစ်လျက်ရှိရာ မြန်မာအသင်း အနေနှင့် အကြိုဗိုလ်လုပွဲတွင် မည်သည့် အသင်းနှင့် ရင်ဆိုင်ရမည်ကို လက်ရှိအချိန်၌ အတတ် မပြောနိုင်သော်လည်း အုပ်စုပွဲစဉ်များမှ ခြေစွမ်းကို ထိန်းထားနိုင်မှသာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

လက်ရှိ အချိန်၌ အုပ်စု (က) တွင် စင်ကာပူအသင်းက မလေးရှားကို တစ်ဂိုးစီ သရေကစားနိုင်ခဲ့သည့် အတွက် အမှတ်ပေး ဇယားကို ဦးဆောင် ထားနိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သလို မလေးရှားအသင်းက သုံးပွဲကစားပြီးချိန်၌ ရမှတ် ခုနစ်မှတ်၊ ဗီယက်နမ်အသင်း သုံးပွဲကစား ရမှတ် ခြောက် မှတ် ရရှိထားရာ ယင်းနှစ်သင်း ယှဉ်ပြိုင်ရမည့် အုပ်စုနောက် ဆုံး ပွဲစဉ်တွင် အနိုင်ရသည့်အသင်းမှာ အုပ်စု ပထမနေရာဖြင့် အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်မည် ဖြစ်သည်။

အုပ်စု (ခ) တွင် မြန်မာနှင့် ထိုင်းတို့မှာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် ၉၀ ရာခိုင်နှုန်း သေချာ သလောက်ရှိရာ အကြိုဗိုလ်လုပွဲတွင် မည်သည့် အသင်းနှင့် ယှဉ်ပြိုင်ရမည်ကို အုပ်စု (က) ပွဲစဉ်များ ကဲ့သို့ပင် အုပ်စုနောက်ဆုံးပွဲအထိ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment