Monday, December 16, 2013

ထိုင်း-မြန်မာ ဘောလုံးပွဲ လက်မှတ်မှောင်ခိုဈေး ကမ္ဘာကျော် အဆိုတော် ရှိုးပွဲလက်မှတ်ခထက်ပင် မြင့်မား

မြန်မာ အမျိုးသားဘောလုံးအသင်းအတွက် ဆီမီးအဆင့် တက်ရောက်နိုင်ရေးအရေးပါသည့် ပွဲစဉ် တစ်ပွဲ ဖြစ်သော ထိုင်းအသင်းနှင့်ပွဲစဉ်ကို ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင် ကစားရာ ရိုးရိုးတန်း၊ အထူးတန်း ပွဲကြည့်စင် လက်မှတ်များသာမက VIP တန်းလက်မှတ်များပါမကြုံ ဖူးသည့်ဈေးနှုန်းများဖြင့် မှောင်ခိုလက်မှတ်များထွက်ပေါ်ခဲ့သည်။ မှောင်ခိုဈေးနှုန်းများမှာ ရိုးရိုးတန်း ၂၅,၀၀၀ကျပ်၊ အထူးတန်း ၃၅,၀၀၀ ကျပ်၊ VIPတန်း ၇၅၀၀၀ ကျပ်အထိပေါက်ဈေးရှိကြောင်း ထိုင်း-မြန်မာပွဲ ကို လာရောက်ကြည့်ရှုသည့် သာကေတမြို့နယ်မှ မြန်မာဘောလုံးပရိသတ် ကိုကျော်ကျော်က ပြောသည်။ “အခုပဲမှောင်ခိုရောင်းနေတာတွေ့ခဲ့တယ်။ လက်မှတ်လိုလား၊ ရိုးရိုးတန်းလား၊အထူးတန်း လား၊ VIP တန်းလားဆိုပြီး လိုက်မေးနေတယ်။ ဈေးတွေက ၂၅,၀၀၀၊ ၃၅,၀၀၀၊ ၇၅,၀၀၀တဲ့။ ကျွန်တော်ကတော့ မနက် မိုးမလင်းခင်ကတည်းက တန်းစီပြီး ၀ယ်ထားတဲ့လက်မှတ်နဲ့ ၀င်ကြည့်မှာပါ” ဟု ကိုကျော်ကျော် က ပြောသည်။

၎င်းညွှန်ပြသည့်နေရာသို့သွားရောက်ကာ လက်မှတ်မှောင်ခိုသမား အားရှာဖွေရာ မတွေ့ရှိရတော့ သဖြင့် မှောင်ခို သမားအား မေးမြန်းနိုင်ခြင်း မရှိပါ။ VIP တန်းမှောင်ခိုလက်မှတ် ၇၅,၀၀၀ ကျပ်ဆိုသည်မှာမြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေခဲ့သော ဆွီဒင်မှ ကမ္ဘာကျော် အဆိုတော်အဖွဲ့ ABBA ၏ လက်မှတ်ဈေးနှုန်းထက်ပင်များနေခဲ့သည်။ ABBA အဖွဲ့လာရောက်ဖျော်ဖြေ စဉ်ကအမြင့် ဆုံးလက်မှတ်ဈေးနှုန်းမှာ ကျပ် ၆၀,၀၀၀ ဖြစ်သည်။ဘောလုံးပွဲ လက်မှတ် ရောင်းချရာတွင် ဒီဇင်ဘာ ၁၃၊ ၁၄ နှစ်ရက်ခွဲကာ တစ်ရက် စောင်ရေ ၁၀,၀၀၀ နှုန်းဖြင့်နံနက် ၁၀ နာရီမှ စတင်၍ ပထမရက်တွင်ဘောလုံးအဖွဲ့ချုပ်၊ အောင်ဆန်းကွင်း၊စလင်းကွင်း၊ ပဒုမ္မာကွင်းတို့၌ ရောင်းချပေးခဲ့ပြီး ဒုတိယရက်တွင် ဘောလုံးအဖွဲ့ ချုပ်၌ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ လက်မှတ်ရရှိရေးအတွက် ပရိသတ် အချို့မှာနံနက် ၄း၀၀ နာရီ ၀န်းကျင်ကတည်းကစောင့်ဆိုင်းဝယ်ယူ မှုများရှိခဲ့သည်။ ယင်းပရိသတ်များထဲ တွင် မှောင်ခိုသမားများပါ ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ၁၄ ရက် နံနက်ကလည်း လက်မှတ်ဝယ်ယူ လိုသည့် ပရိသတ်များလွန်း၍လောက် ငှအောင် ရောင်းချမပေးနိုင်ခြင်းအား နားလည်ပေး ပါရန် မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ အပါအ၀င်ဘောလုံးအဖွဲ့ချုပ်မှလူကုန်ထွက်ပြီးပရိသတ် ကို မေတ္တာ ရပ်ခံ ခဲ့ရကြောင်းဆီးဂိမ်းဘောလုံးပွဲစဉ်များတွင် မီဒီယာတာဝန်ခံအဖြစ်ကူညီဆောင်ရွက်ပေးနေ သူ တစ်ဦးဖြစ် သည့် ကိုအောင်ကျော်ကပြောသည်။ “လက်မှတ်က ကွင်းဆံ့သလောက်ပဲရောင်းနိုင်တယ်လေ။ ကြည့်ချင်တဲ့ ပရိသတ်က သိန်းချီနေတယ်။မနက်တုန်းကဆိုရင် ဥက္ကဋ္ဌအပါအ၀င်အဖွဲ့ချုပ်ကလူကုန်ထွက်ပြီး ပရိသတ်ကိုမနည်းမေတ္တာရပ်ခံခဲ့ရတယ်” ဟုကိုအောင်ကျော်က ထိုင်း-မြန်မာ ပွဲစဉ် အပြီးတွင် ပြောသည်။

သုဝဏ္ဏကွင်းမှာပရိသတ် ၃၅,၀၀၀ ၀န်းကျင်ဝင်ဆံ့ပြီးကြိုတင်လက်မှတ်များအပါအ၀င် ပရိသတ်ထံ လက်မှတ်စောင်ရေ ၂၅,၀၀၀ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ကျန်အရေအတွက်မှာ စပွန်ဆာများ၊ VIP များ၊ဖိတ်ကြားခံ ပုဂ်္ဂိုလ်များအတွက် ခွဲတမ်းဖြစ်သည်။VIPတန်းလက်မှတ်မှောင်ခိုများထွက်ပေါ်ခဲ့ခြင်းကို ဘောလုံးအဖွဲ့ချုပ်မှလည်း ကြားသိခဲ့ကြောင်းနှင့် မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဒါရိုက်တာနှင့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေး ပေါင်းစပ် ညှိနှိုင်းပေးသူအဖြစ် တာဝန်ယူနေသည့် ဦးရဲမျိုးဟိန်းကပြောသည်။ “VIP လက်မှတ်က စပွန်ဆာတွေကိုပေး တယ်။ ဧည့်သည်တော်တွေကိုပေးရတာရှိတယ်။ အစိုးရ၀န်ကြီးဌာနတွေရှိမယ်။ အခုဒီလို မှောင်ခို ထွက်လာတယ်ဆိုတော့ ပြန်စိစစ်ဖို့လိုလာပါပြီ။အဖွဲ့ချုပ်မှာ ဒီ VIP လက်မှတ်မှောင်ခိုကိစ္စအတွက်ပြန်ပြီး အစည်းအဝေးထိုင်ခဲ့တယ်။ တကယ်တော့ VIP ဆိုတာ priority(ဦးစားပေး) ပေးတာပါပဲ။ အလေးထားပြီးပေး တာကို ဒီလိုမလုပ်သင့်ပါဘူး။VIPတန်းအတွက် လက်မှတ်စောင်ရေ၅၆၅ စောင်၊VIP တန်းရှေ့မှာ မေတ္တာ လက်မှတ်တန်းက ၁,၀၆၆ စောင်ရှိပါတယ်။ အဲဒါကတော့ ဂျာနယ်တိုက်တွေ၊ အားကစားအသင်းတွေ၊ သံရုံးတွေ၊ နိုင်ငံတကာက ပရိသတ်တွေအတွက်ပါ။ ဒီနေ့မှာဆိုရင် ထိုင်းပရိ သတ်တွေ အတွက် ထိုင်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို ပေးလိုက်တယ်။VIP လက်မှတ်အရေအတွက်
ကိုတော့ ပြန်လျှော့ဖို့မရှိပါဘူး။ ပေးတဲ့လူတွေအနေနဲ့ အဆင့်အတန်းလေးတစ်ခုရှိဖို့ပဲလိုပါတယ်”ဟု ဦးရဲမျိုးဟိန်းကပြောသည်။ ထိုင်းနှင့် မြန်မာပွဲစဉ်မှာအကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက် တစ်ဂိုးစီဖြင့် သရေ ကျခဲ့ရာ ၇ မှတ်ရထားသောမြန်မာဘောလုံးအသင်းမှာ ယနေ့တွင်အင်ဒိုနီးရှားအသင်းနှင့် အဆုံးဖြတ်ပွဲကစား ရတော့မည်ဖြစ်ပြီး ဆီမီးအဆင့်တက်ရောက်ရန် အင်ဒိုနီးရှားကို အနိမ့်ဆုံးသရေကစားရန် လိုအပ်သည်။

Mizzima - News in Burmese

No comments:

Post a Comment