Friday, December 20, 2013

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု များလာခြင်းနှင့် အခြေခံအကြောင်းအရင်းများ

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ၂၆ ရာခိုင်နှုန်း ကျော်တိုးမြင့်လာခဲ့ပြီး ဘိန်းစိုက်ခင်းများကို ဖျက်ဆီးနိုင်မှုသည်လည်း ၅၂ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု တားဆီးရေးရုံး UNODC ၏ ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော် ပြထားသည်။

၂၀၁၂ ခုနှစ်အတွင်းက ဘိန်းစိုက်ခင်းဧကပေါင်း ၁၃၀,၀၀၀ နီးပါးရှိသည့်အနက် ၂၄,၀၀၀ ကို ဖျက်ဆီးနိုင်ခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ်အတွင်းတွင်မူ ဘိန်းစိုက်ခင်းဧကပေါင်း ၁၅၀,၀၀၀ နီးပါးသို့ တိုးတက် လာခဲ့ပြီး ဧက ၃၀,၀၀၀ ကျော်သာ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘိန်းခင်းများ စိုက်ပျိုးမှုတိုးလာခြင်း၊ ဖျက်ဆီးနိုင်မှု လျော့နည်းသွားခြင်းများအတွက် အဖြေရှာရန် လိုအပ် နေပါပြီ။ အကြောင်းအချက်များအဖြစ် မူးယစ်ဆေးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တို့၏ အဆိုအရ ဘိန်းခင်း များကို ဖျက်ဆီးရန် ၀န်ထမ်းမလုံလောက်ခြင်းဟု ဆိုသည်။ အချက်တစ်ချက်အဖြစ် လက်ခံရန် ရှိသော်လည်း ဘိန်းခင်းများ ဖျက်ဆီးရန်နှင့် ဘိန်းစိုက်ပျိုးမှု တိုးတက်လာခြင်းတို့အတွက် အခြားအချက်အလက်များ များစွာရှိနေပါသည်။

ဘိန်းစိုက်ပျိုးနိုင်သည့် ဒေသများသည် တိုင်းရင်းသားလက်နက်ကိုင်တို့၏ ဒေသတွင်ဖြစ်ပေါ်နေခြင်းကြောင့် နယ်မြေစိုးမိုးမှုအားနည်းကာ ဘိန်းစိုက်ပျိုးကြခြင်း၊ စိုက်ပျိုးထားသည့် ဘိန်းခင်းများကို ဖျက်ဆီးနိုင်ရန် လိုအပ် ချက်များ ဖြစ်နေခြင်းသည်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု များပြားလာခြင်း၏ အကြောင်း တစ်ချက်ဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပေ။

တိုင်းရင်းသား လက်နက်ကိုင်တို့နှင့် ငြိမ်းချမ်းရေးမရရှိသေးခြင်း၊ ဘိန်းသည် စိုက်ပျိုးရန် လွယ်ကူခြင်း၊ အကျိုးအမြတ်များခြင်း၊ စိုက်ပျိုးစရိတ် အကုန်အကျ သက်သာခြင်းတို့ကလည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု များပြားလာခြင်း၏ အကြောင်းရင်းများဖြစ်သည်။ အခြားအကြောင်းအချက်တစ်ခုအဖြစ် ဘိန်းစိုက် တောင်သူ တို့ အတွက် အစားထိုးသီးနှံစိုက်ပျိုးနိုင်မှုအားနည်းခြင်းနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင် မှုစွမ်း လျော့နည်းနေခြင်းတို့လည်း ရှိနေသေးသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်းတွင် အဆိုပါဘိန်းစိုက် တောင်သူတို့လည်း အပါအ၀င်ဖြစ်ပေ လိမ့်မည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် အထက်တွင် ဆိုခဲ့သည့်အတိုင်း တိုင်းရင်းသား လက်နက် ကိုင် များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုအပေါ်တွင် တည်မှီနေမည်ဖြစ်သကဲ့သို့ ဆင်းရဲမွဲတေသူ ၂၆ ရာ ခိုင်နှုန်းတွင် အပါအ၀င်ဖြစ်သော ဘိန်းစိုက်တောင်သူတို့အတွက် ဖွံ့ဖြိုးရေးလမ်းစများလည်း ရှာဖွေသင့် သည်။ အလားတူပင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တစ်ထောင့်တစ်နေရာမှ ဟန့်တားနိုင်မည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း အလျင်အမြန်အကောင်အထည်ဖော် သင့် သည်။

အဓိကအားဖြင့် ဘိန်းကိုစိုက်ပျိုးစေသည့် အဓိက အကြောင်းအချက်များ ကိုရှာဖွေကာ ဤအချက်များကို မည်သို့ပြင်ဆင်ဖာထေးပြီး ဖွံ့ဖြိုးရေးလမ်းစများ မည်သို့အကောင်အထည်ဖော် ဆောင်ရွက်မည်ကို စဉ်းစား ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။ အကြောင်းမှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် အာဖဂန် နစ္စတန် နိုင်ငံ ပြီးပါက ဒုတိယမြောက် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်နေခြင်းကြောင့်ပင်။

Mizzima - News in Burmese

No comments:

Post a Comment