Monday, December 16, 2013

ခန္တီးတွင် ငြိမ်းချမ်းရေးယူ နာဂလက်နက်ကိုင်တပ်ဖွဲ့ ဆက်ကြေးထပ်တောင်း

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက် ကျေးရွာတွင် ငြိမ်းချမ်းရေး ရယူထားသည့် နာဂ လက်နက်ကိုင် တပ်ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဆက်ကြေး တောင်းခံမှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။

နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK) သည် မြို့နယ်အဆင့်ရှိ အရာရှိနှစ်ဦး ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ငွေကျပ် သိန်းသုံးဆယ် လာရောက် တောင်းခံခဲ့ကြောင်း ကျားကိုက်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်ညိုက ဆိုသည်။
“မပေးနိုင်ဘူး ပြောတော့ သူတို့စခန်းကို လာပို့ဖို့ ထပ်ချိန်းပါတယ်။ ၁၂ ရက်နေ့က သွားတွေ့တော့ သိန်း သုံးဆယ်ကနေ ၁၅ သိန်း၊ ၁၀ သိန်း၊ နောက်ဆုံး သုံးသိန်းပေးဖို့ ပြောပါတယ်။ တောင်းတာ မပေးနိုင်ပါဘူး။ အခု စစ်ဗျူဟာမှာ လာတိုင်တာပါ” ဟု ဦးတင်ညိုက ပြောသည်။

ယင်းကဲ့သို့ ငွေတောင်းခံခြင်းမှာ ဆက်ကြေး တောင်းခံခြင်းမျိုး မဟုတ်ဘဲ အကူအညီ တောင်း ခံခြင်း သာ ဖြစ်ပြီး ငွေမရရှိခဲ့ဟု သိရကြောင်း ခန္တီးမြို့နယ် အခြေစိုက် National socialist council of Nagaland ဆက်ဆံရေး ရုံး တာဝန်ခံ ဦးကျော်ဝင်းဆွေက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောက်ခြေ အဆင့်တွင် ညှိနှိုင်း ဖြေရှင်းခဲ့ကာ ထပ်မံ မဖြစ်ပွားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ခန္တီးမြို့ အခြေချ စစ်ဗျူဟာမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခန္တီးမြို့နယ် ချင်းတွင်းမြစ်ရိုး တစ်လျှောက် ကျေးရွာ ဒေသခံများထံ ဆက်ကြေး တောင်းခံပါက မပေးကြ ရန်နှင့် တောင်းခံလာပါက စစ်ဗျူဟာမှူးရုံးထံ အကြောင်းကြားပေးရန် လိုကြောင်း ၎င်းက ထပ်လောင်း ပြော ကြား သည်။

ငြိမ်းချမ်းရေး ရယူထားသည့် NSCNK နာဂ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ဆက်ကြေး (အကူ အညီငွေ) တောင်းမှု ၁၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ဦးကျော်ဝင်းဆွေက ထပ်လောင်း ပြောကြား သည်။

ယင်းအပြင် အဆိုပါအဖွဲ့သည် ခန္တီးမြို့နယ် ချင်းတွင်းမြစ်ရိုး တစ်လျှောက် ပြေးဆွဲနေသော ရေယာဉ်အသင်း ၁၃ သင်းထံ တစ်သင်းလျှင် နှစ်သိန်းကျပ်ဖြင့် ဒီဇင်ဘာလကုန် နောက်ဆုံး ထားပေးရန် တောင်းခံထားမှုများ ရှိကြောင်း အဆိုပါ ရေယာဉ် ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

National socialist council of Nagaland နာဂ လက်နက်ကိုင် တပ်ဖွဲ့သည် ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေး ရယူခဲ့ကြောင်း စစ်ဗျူဟာမှူးရုံး (ခန္တီး) ထံမှ သိရှိရသည်။

ယင်းလက်နက်ကိုင် တပ်ဖွဲ့သည် ခန္တီးမြို့နယ် ကျေးရွာဒေသခံများထံမှ မကြာခဏကဲ့သို့ ဆက်ကြေး တောင်းခံ မှုများ ရှိကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

The Voice

No comments:

Post a Comment