Wednesday, December 11, 2013

ဒေသတွင်းပြဿနာများအပေါ် ထိပ်တိုက် ရင်ဆိုင်မည့်အစား ယုံကြည်မှုတည်ဆောက် ဖြေရှင်းကြရန် အာဆီယံဖိုရမ်တွင် ဆွေးနွေး

အာဆီယံဒေသတွင်းနိုင်ငံများ ပြဿနာတစ်ရပ်ဖြစ်ပေါ်ပါက ထိပ်တိုက်ရင်ဆိုင်မည့်အစား ယုံကြည်မှုကို အခြေခံပြီး သံတမန်နည်းလမ်းများအရ ဖြေရှင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။

ရန်ကုန်မြို့၊ ချက်ထရီရမ်ဟိုတယ်တွင် ဒီဇင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဆီယံမှာဆိုရင် အဖွဲ့ဝင် နှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားကြားမှာ နယ်စပ်ကိစ္စတွေ ဖြစ် တယ်။ ဖြစ်တော့ ယုံကြည်မှုတည်ဆောက်ရေးနဲ့ သံတမန်နည်းလမ်းအရ ဖြေရှင်းရေးကို အခြေ ခံပြီး နှစ် နိုင်ငံ ပြဿနာကို ဖြေရှင်းခဲ့တယ်။ ယုံကြည်မှုတည်ဆောက်ရေးကို အခြေခံတဲ့ သံတမန် ဆက်ဆံရေးကို တိုးမြှင့်ဖို့အတွက် ကျင်းပခြင်းဖြစ်တယ်”ဟု ဦးအောင်လင်းက ပြောသည်။

အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသည် နှစ်နိုင်ငံနယ်စပ်ရှိ ၁၁ ရာစုက ဘုရား ကျောင်းတစ်ခု ပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ ၂၀၀၈ ခုနှစ်မှစကာ အငြင်းပွားခဲ့ပြီး နယ်စပ်တိုက်ပွဲငယ် အချို့ ဖြစ်ပွားမှုများပင် ရှိခဲ့သည်။

အစည်းအဝေးကို ယခုနှစ် ဒီဇင်ဘာလ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့၊ ချက်ထရီရမ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် အီးယူတို့မှ ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ပြီး အာရှ ပစိဖိတ် နိုင်ငံများအကြား ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး ခဲ့ သည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ အာဆီယံဒေသဆိုင်ရာ ဖိုရမ်လုပ်ငန်းကော်မတီ၏အတွင်းရေးမှူး ဦးအောင်မြင့်ဦးက “ကျွန် တော်တို့နိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရတဲ့အတွက် အဖွဲ့ဝင်အားလုံးရဲ့ သဘောထား ရပ်တည်ချက် အတိုင်း ပြောရမှာဖြစ်တယ်။ အာဆီယံရပ်တည်ချက်က ဒေသတွင်းပဋိပက္ခဖြစ်ရင် ငြိမ်းချမ်း စွာ ဖြေရှင်းဖို့၊ ငြိမ်းချမ်းစွာ နိုင်ငံရေးအရ အဖြေရှာဖို့၊ အင်အားအလွန်အကျွံသုံးတာတွေ ရှောင်ရှားဖို့ အားလုံးရဲ့သဘော တူညီချက်နဲ့အညီ ဆောင်ရွက်ဖို့ အခြေခံမူတွေ ဖြစ်တယ်”ဟု ပြောသည်။

ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံများအပြင် သြစတေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊မြောက် ကိုရီးယား၊ နယူးဇီလန်၊ ကနေဒါ၊ ရုရှ၊ အမေရိကန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ တီမော၊ အီးယူ အစရှိ သည့် နိုင်ငံ စုစုပေါင်း ၂၇ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အာဆီယံဒေသဆိုင်ရာ ဖိုရမ်ကို အာဆီယံဥက္ကဋ္ဌ အလှည့်ကျတာ ၀န်ယူတော့မည့် မြန်မာနိုင်ငံတွင် ၂၀၁၃-၁၄ ခုနှစ်အတွက် ပထမဦးဆုံး အာဆီယံဒေသဆိုင်ရာ ဖိုရမ် (အေအာရ်အက်ဖ်)၏ကြားကာလ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် သံတမန်နည်းလမ်းအရ ကြိုတင်ကာ ကွယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရတော့မည့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ်တို့ အငြင်းပွားနေ သည့် စပတ်တလီကျွန်းများအရေးသည် မြန်မာနိုင်ငံအတွက် ဂရုစိုက် ဖြေရှင်းရမည့် ပြဿနာ ဟု အာဆီ ယံလေ့လာသူ ဦးကျော်လင်းဦးက ပြောသည်။

“ကမ္ဘောဒီယားက ၂၀၁၂ ခုနှစ်က အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတုန်းက တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဘက်လိုက်မှုရှိတယ်လို့ အာဆီယံနိုင်ငံအချို့က ပြောခဲ့ကြဖူးတယ်”ဟု ၎င်းက ပြောသည်။

“အဲဒီလိုဖြစ်ရပ်တွေမှာ ထိပ်တိုက် ရင်ဆိုင်မှုတွေမရှိအောင် မြန်မာကလည်း ပြင်ဆင်ထားသင့် တယ်”ဟု ဖြည့် စွက် ပြောကြားသည်။
 Mizzima

No comments:

Post a Comment