Monday, December 16, 2013

အစိုးရနှင့် တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မူကြမ်း ၅၀ ရာခိုင်နှုန်းခန့် တူညီမှုရှိဟုဆို

တိုင်းရင်းသားများဘက်မှ ပထမအဆင့် ရေးဆွဲပြီးသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ် စဲရေးဆိုင်ရာ မူကြမ်းကို ဦးအောင်မင်းခေါင်းဆောင်သည့် အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ရာတွင် နှစ်ဘက်သဘောတူညီမှု ၅၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ရေး အဖွဲ့ (NCCT)၏ ဒုတိယခေါင်းဆောင် စောကွယ်ထူးက ဒီဇင်ဘာ ၁၅ ရက်တွင် မဇ္ဈိမ ကို ပြော သည်။

“တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းအပေါ်မှာ ပြန်ပြီး ဆွေးနွေးတာပဲ။ ပြန်ပြီးပြင် ဆင်ထားတဲ့အပေါ်မှာ ဆွေးနွေး အကြံပေးတာ ဖြစ်တယ်။ တော်တော်များများ သဘောတူညီမှု ရှိလာသ လို၊ ပြန်လည် သုံးသပ်ရမယ့် အချက်တွေ အများကြီး ရလာတယ်။ တူတာကတော့ ၅၀ ရာနှုန်းလောက် ထက်ဝက်နီးပါးပဲ”ဟု စောကွယ်ထူးက ဆိုသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ယနေ့ပြုလုပ်သည့် အလွတ် သဘော တွေ့  ဆုံ ပွဲအပြီး၌ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

တိုင်းရင်းသားတို့ ဖွဲ့စည်းထားသည့် NCCT မှ ပထမအဆင့် ရေးဆွဲပြီးသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူမူကြမ်းပါ အချက်အလက် အသေးစိတ်ကို အစိုးရနှင့် အလွတ်သဘော တွေ့ ဆုံ ဆွေးနွေး ခဲ့ ခြင်း ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် အစိုးရ၏ သဘောထားရယူလိုခြင်းနှင့် ညှိနှိုင်းရန်ရှိသည့် အချက် များကို သိရှိလို၍ဖြစ်သည်ဟု စောကွယ်ထူးက ဆိုသည်။

ထို့ပြင် ယခုတွေ့ဆုံမှုသည် အစိုးရနှင့် တိုင်းရင်းသားတို့ ထပ်မံ တွေ့ဆုံမည့် ဘားအံဆွေးနွေးပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုတစ်ခုအဖြစ် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။

“အရင်တစ်ခေါက်က ကြိုတင်ပြင်ဆင်မှုမရှိခဲ့တော့ လိုင်ဇာက ဆင်းလာလာချင်း ညှိနှိုင်းဖို့တွေက အသစ် တွေ ဖြစ်နေတော့ ခက်ခဲ့တယ်လေ။ အဲဒါကြောင့် ဘားအံမတိုင်ခင် ကြိုဆွေးနွေးသင့် တာကို ဆွေးနွေး မယ်။ အခုက NCCT ရဲ့ ရေးပြီးတဲ့ အဆင့်လောက်ကိုပဲ လာဆွေးနွေးတာ။ အဲ့ဒါမှ ရှေ့ အဆင့်တွေ ကို အဆင်ပြေပြေ သွားနိုင်မှာ”ဟု စောကွယ်ထူးက ပြောသည်။

ယင်းမှ နှစ်ဖက် သဘောတူညီသည့် မူကြမ်းအဖြစ် ရောက်ရှိတော့မည့် အနေအထားသို့ ရောက်ရှိတော့ မည်ဟု ၎င်းက ဆိုသည်။

ယခုဆွေးနွေးမှုများအရ သဘောတူမူကြမ်း အကြမ်းတွင် ထည့်သွင်းထားသည့် အချက်အချို့ကို ဖြုတ်ပစ် ခဲ့သော်လည်း လုံးဝ ထည့်သွင်းတော့မည်မဟုတ်ဟု ဆိုလိုခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်သို့ ရောက် မှသာ ထည့်သွင်းဆွေးနွေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု စောကွယ်ထူးက ဆိုသည်။

အစိုးရ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေကလည်း ယခုကဲ့သို့ တွေ့ဆုံခြင်းမျိုးကို ဘားအံ ဆွေးနွေးပွဲ မတိုင်မီ နှစ်ကြိမ်ခန့် ထပ်မံတွေ့ဆုံဖွယ်ရှိပြီး ယင်းတို့မှတစ်ဆင့် စနစ်တကျ ညှိနှိုင်း ဆွေးနွေး နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောသည်။

ထို့ပြင် မကြာမီ ကျင်းပရန်ရှိသည့် ဘားအံဆွေးနွေးပွဲတွင် ဆွေးနွေးမှုများ ရာနှုန်းပြည့်အောင်မြင်ပါက နိုင် ငံတော်သမ္မတအနေဖြင့် လက်မှတ်ထိုးရန် အသင့်ရှိနေသည်ဟုလည်း ၎င်းက ထုတ်ဖော် ပြောဆိုသည်။

“ခေါင်းစဉ်အလိုက်မှာတော့ တူတာတွေရှိတယ်၊ ပြန်ညှိရမှာတွေရှိတယ်။ စကားလုံးတွေ ဝေါဟာရတွေက အစ ပြန်ပြီး ပြင်ရမှာ”ဟု ၎င်းက ပြောသည်။

အဆိုပါ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီဒုတိယဥက္ကဋ္ဌ သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင် မောင်အုန်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် MPC အဖွဲ့ဝင်များ၊ တိုင်းရင်းသား များဘက်မှ NCCT ဒုတိယခေါင်းဆောင် စောကွယ်ထူးဝင်း ဦးဆောင်သည့် လေးဦး၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ်များ၊ KIO/KIA မှ ဗိုလ်မှူးကြီးစင်ဟွာတို့ တက်ရောက် ခဲ့ကြသည်။
 Mizzima

No comments:

Post a Comment