Sunday, December 22, 2013

တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် နိုင်ငံတော်နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်ထုတ် အစိုးရပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရ သည်။

ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ်၌ ပြုလုပ်ခဲ့သော တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ၎င်းက ထိုသို့ ထည့် သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် မရှိမဖြစ် အရေးကြီးသည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသည် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် အလေး ထားဆောင်ရွက်လျက်ရှိသကဲ့သို့ တပ်မတော်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် နိုင်ငံတော်နှင့် အပြည့်အ၀ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ် က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားများ အပေါ်ထား ရှိသည့် နိုင်ငံတော်နှင့်တပ်မတော်၏ စိတ်ရင်းစေတနာမှန်များကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင် မည်ဟုလည်း ယုံကြည်ကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဖော်ဆောင်နိုင်သည်နှင့် အမျှ နိုင်ငံတော် ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အားလုံးဖွံ့ဖြိုးတိုးတက်ရေးကို အလေး ထား ဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတာဝန်ကျရာဒေသများတွင် တိုင်းရင်းသားများ အပေါ် သွေးချင်း ညီနောင်များ စိတ်ဓာတ်နှင့် သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သည့်ကိစ္စရပ်များတွင် အလေးထားပါဝင်လုပ်ဆောင် သွားကြခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြိုင်နက်တည်း ဖော်ဆောင်သွားကြရန် တိုက်တွန်းလိုကြောင်းလည်း ပြောကြားသည်။

တပ်မတော်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ တပ်မတော်အက်ဥပဒေများ၊ နယ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေများကို သိရှိကြရမည်ဖြစ်သကဲ့သို့ အလေးထား လိုက်နာကြရန်လည်း လိုအပ်ကြောင်း၊ စစ်သည်တော်ကျင့်ဝတ်များကို ကောင်းစွာစောင့်ထိန်းလိုက်နာနိုင်လျှင် ကျန်သည့် စစ်ဘက်၊ နယ်ဘက်ဥပဒေစည်းကမ်းများကိုလည်း စောင့်ထိန်းလိုက်နာပြီးသားဖြစ်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၄) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရရှိ ထားပြီး သဘောတူညီမှုရရန် နှစ်ဖွဲ့သာကျန်တော့ကြောင်း အစိုးရဘက်မှ ပြောဆိုထားသော်လည်း တပ်မတော် နှင့်အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ အကြားတိုက်ပွဲအချို့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရ သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက်ရရှိရန်ကြိုးပမ်းနေပြီး အဆိုပါသဘောတူညီချက် လက်မှတ်ရေးထိုး ရာတွင် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း စသူတို့အပါအ၀င် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များက တောင်းဆိုထားသည်။

Eleven Media Group

No comments:

Post a Comment