Friday, January 17, 2014

တရုတ်ချမှတ်ထားသော ငါးဖမ်းခွင့်ဥပဒေ မလိုက်နာရန် ငါးဖမ်းသမားများကို ဖိလစ်ပိုင်စစ်ဦးစီးချုပ် ပြော

ပိုင်ဆိုင်မှု အငြင်းပွားမှု ပေါ်ပေါက်နေသော တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက် ငါးဖမ်းလိုပါက ခွင့်ပြုချက် တောင်းရမည်ဟု တရုတ်နိုင်ငံက ဥပဒေပြုထားခြင်းကို လိုက်နာရန်မလိုဟု ဒေသခံ ငါးဖမ်းသမား များကို ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်မန်နျူရယ်ဘာတစ်စတာက ပြောကြားသွားကြောင်း Rappler သတင်းတွင် ဖော်ပြထားသည်။
"တရုတ်ရဲ့ ငါးဖမ်းခွင့်ဥပဒေကို ကျွန်တော်တို့ အသိအမှတ် မပြုပါဘူး။ ကျွန်တော်တို့ ငါးဖမ်း သမားတွေ ငါးသွားဖမ်းသင့် ပါတယ်" ဟု ဖိလစ်ပိုင်စစ်ဦးစီးချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြား လိုက်သည်။

တောင်တရုတ်ပင်လယ် နယ်မြေအတွင်း ငါးဖမ်းခွင့် ပိတ်ပင်သည့် တရုတ်နိုင်ငံ၏ ဥပဒေကို ဖိလစ်ပိုင် အစိုးရအဖွဲ့က ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းမှာ တရုတ်နိုင်ငံ၏ နယ်မြေတိုးချဲ့ရေး တောင်းဆို ချက်ဖြစ်သော 9-dash လိုင်းကို အားဖြည့်နိုင်ရေး လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက 9-dash လိုင်းကို အသုံးပြုပြီး တောင်တရုတ်ပင်လယ် တစ်ခုလုံး နီးပါးမျှကို ပိုင် ဆိုင်ကြောင်း တောင်းဆိုထားပြီး ယင်းနယ်မြေမှာ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဇုန် (EEZ) နှင့် နေရာချင်း ထပ် လျက်ရှိသည်။

ဖိလစ်ပိုင်တပ်မတော်မှာ အာရှဒေသတွင်း အင်အားအချည့်နဲ့ဆုံး တပ်မတော် တစ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တင်းမာလာခြင်းကြောင့် ရေတပ်သင်္ဘော များနှင့် စစ်လေယာဉ်များကို တိုးချဲ့တပ်ဆင် လျက်ရှိသည်။

ဖိလစ်ပိုင် ပိုင်နက်အတွင်း ဝင်ရောက်လာသည့် တရုတ်သင်္ဘောများကို စောင့်ကြည့်နိုင်ကြော င်း ဖိလစ်ပိုင် စစ်ဦးစီး ချုပ်က ပြောကြားသွားသော်လည်း မည်ကဲ့သို့ စောင့်ကြည့်မည် ဖြစ်ကြော င်း အသေးစိတ် ပြော ကြားခြင်း မရှိပေ။

၂၀၁၂ ခုနှစ်အတွင်းတွင် ပန်နာတက် သောင်ပြင်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံကြား တစ်လကြာ ရေတပ်ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။

ရေကြောင်း အငြင်းပွားမှုများကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းဥပဒေ တရားရုံးတွင် ငြိမ်းချမ်းစွာ ဖြေ ရှင်း သွား မည်ဟု ဖိလစ်ပိုင်နိုင်ငံက ပြောကြားထားသော်လည်း ဖြစ်ပေါ်လာနို င်သော အခြေအနေ များကို ရင်ဆိုင်နိုင်ရန် စစ်ရေးအရလည်း အသင့်ပြင်ထားမည်ဟု ဖိလစ်ပိုင် စစ်ဦးစီးချုပ်က ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ ကမ်းရိုးတန်းကို ထိထိရောက်ရောက် စောင့်ကြည့်နိုင်ရန် ဖရီးဂိတ် စစ်သင်္ဘော ခြောက်စင်း အထိ လိုအပ်မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုထံမှ ရေတပ်သင်္ဘော နှစ်စင်းကို ထပ်မံရယူ သွားမည်ဟု ဗိုလ်ချုပ်ကြီး အန်မန်နျူရယ် ဘာတစ်စတာက ပြောကြား သည်။

ဖိလစ်ပိုင်စစ်တပ်တွင် စစ်သင်္ဘော နှစ်စင်းရှိပြီး နောက်ထပ် ဖရီးဂိတ်သင်္ဘော နှစ်စင်း၊ တိုက်လေယာဉ်များ၊ စစ်လေယာဉ် များကို ပီဆို ၈၅ ဒသမ ၃ ဘီလီယံ အသုံးပြုပြီး ၂၀၁၃-၁၇ ခုနှစ်အတွင်း ဝယ်ယူ တပ်ဆင် သွားရန် သမ္မတအကွီနိုက ခွင့်ပြု ပေးထားသည်။

The Voice Weekly

No comments:

Post a Comment