Thursday, January 16, 2014

ကျပ်သိန်း ၂၀၀ ကျော်တန် လက်ဝတ်ရတနာများ တက္ကစီသမားက ယူဆောင်မောင်းပြေး

ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိသော ရွှေငွေလက်ဝတ်ရတနာပစ္စည်းများကို တက္ကစီယာဉ်မောင်းက ယူဆောင်ပြီးမောင်းနှင်ထွက်ပြေးသွားသည်ဟု ခရီးသည်တစ်ဦး၏ တိုင်တန်းမှုကို ဇန်န၀ါရီ ၁၅ ရက် နံနက် တွင် အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို ဗဟန်းမြို့နယ်ကြား တောရရပ်ကွက်၊ ရေတာရှည်လမ်းဟောင်း အမှတ် (၆၆/၆၈ )နေ ဒေါ် ခင်သန်းကြည် (ရောင်း/၀ယ်)က အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

ဇန်န၀ါရီ ၁၄ ရက် ည ၇ နာရီက ညီမဖြစ်သူ မမြသင်းကြည်၊ တူဖြစ်သူ မောင်သန့်အောင် တို့နှင့် အတူ မန္တလေးမြို့သို့ သွားရန် နေအိမ်ရှေ့မှ တက္ကစီတစ်စီးအား ငှားရမ်းစီးပြီး မင်္ဂလာဒုံ အဝေးပြေးဝင်း အတွင်း ရှိ မြတ်မန္တလာထွန်းကားဂိတ်သို့ သွားရောက်ခဲ့သည်ဟု ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် ၈နာရီ ၄၅ အချိန်တွင် ကားဂိတ်သို့ ရောက်ရှိပြီးပစ္စည်းများချ၍ ကားခငွေ ကျပ် ၆,၀၀၀ အားပေး ရန် ကားနောက်ခန်းတွင် တင်ထားသော အမျိုးသမီးသုံးခဲရောင်ပိုက်ဆံ အိတ် အတွင်းမှ ပိုက်ဆံ အိတ် အသေးအား ထုတ်ယူပြီး ကားခပေးအပ်စဉ် ပိုက်ဆံယူပြီး ကားအား အမြန်မောင်းနှင်ထွက်သွား ခဲ့သည် ဟုဆိုသည်။

ထို့ကြောင့် အဆိုပါ ကားပေါ်တွင် ငွေစက္ကူကျပ်ရှစ်သိန်းအပါအ၀င် လက်ဝတ်ရတနာပစ္စည်း စုစုပေါင်း တန်ဖိုးကျပ် ၂၃၃ သိန်းမှာ တက္ကစီယာဉ်နှင့်အတူပါရှိသွားသည်ဟု ပြောပြထား သည်ဟု လည်း ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် ရဲစခန်းက ယင်းတိုင်တန်းမှုကို (ပ)၂၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တက္ကစီယာဉ်မောင်း အား စုံစမ်း ရှာဖွေနေပြီး အမှန်တကယ် ခိုးယူသွားခြင်းဖြစ်ပါက ပုဒ်မ ၃၇၉ ဖြင့် တရားစွဲတင် သွားမည်ဟု ဆိုထား သည်။

၂၀၁၃ ခုနှစ်ကလည်း ဘဏ်မှထုတ်ယူလာသော ငွေကျပ်သိန်း ၄၀၀ ၀န်းကျင်ခန့်အား တက္ကစီ ယာဉ် မောင်းက မောင်းယူထွက်ပြေးမှုနှင့် ဘဏ်မှတစ်ဆင့် ငွေသွားလွှဲသော ပိုက်ဆံများ ကိုလည်း တက္ကစီ ယာဉ်မောင်းက ကားပျက်ဟန်ဆောင်၍ မောင်းနှင်ထွက်ပြေးမှုတို့ ဖြစ်ပွားထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment