Friday, February 21, 2014

တရုတ်နိုင်ငံဘက်သို့မီးသွေးများ နေ့စဉ်ကားအစီး ၅၀ ထက်မနဲတင်ပို့နေ


သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှ တရုတ်နိုင်ငံဘက်သို့မီးသွေးများ နေ့စဉ်ကားအစီး ၅၀ ထက်မနဲ တင် ပို့နေကြောင်း သျှမ်းသံတော်ဆင့်မှစုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့ ရွှေလီရေအားလျှပ်စစ် ဓါတ်အာပေးစက်ရုံအနီး မန့်တပ်ရွာ နှင့် မိုင်ဝီးကျေးရွာအုပ်စု အတွင်းရှိ သစ်ပင်များခုတ်ထစ်ကာ မီးသွေးဖုတ်ပြီး တရုတ်ပြည်ဘက်ခြမ်း နောင်တောင်းမြို့သို့ အများဆုံး တင် ပို့ နေကြော င်း ဒေသခံ စိုင်းအိုက်ထွန်း ကဆိုသည်။

“ကျနော်တို့ဒေသက သစ်ပင်တွေ တစ်တောလုံးတစ်တောင်လုံး ပြုန်းတီးနေပြီ။ ဒီဒေသက လူတချို့ ရော တခြားကလာတဲ့ လူတွေရောပေါ့။ သစ်ပင်တွေခုတ်၊ မီးသွေး ဖုတ်ရောင်း စားတာလေ။ အခုရာသီ ဥတုကလည်း မမှန်တော့ဘူး ၊ ဆောင်းတွင်းမှာ မိုးရွာတယ်၊ တောင်ပေါ်မှာ ဆိုရင် မြေဆီလွှာ လည်း ခြောက်ခမ်း လို့ စိုက်ပျိုးမြေလည်း အရင်လိုမကောင်းတော့ဘူး” ဟု ၄င်းကပြောသည်။

မီးသွေးတင်ကားများသည် တစ်စီးလျှင်မီးသွေး ၂၅၀ အိတ်ကျော် သယ်ဆောင်နိုင်ပြီး၊ တစ် အိတ်တွင် မီးသွေး ၂၅ ပိသာခန့်ရှိကြောင်း၊ တစ်ပိသာလျှင် တရုတ်ယွမ် ၂ ယွမ်မှ ၃ ယွမ် အထိရောင်းနိုင်ကြောင်း ၊တရုတ်မီးသွေး ကုန်သည်များက ပါကင်စက္ကူဖာဖြင့်ပြန်လည်ထုပ်ပိုးပြီး ပီကင်းမြို့နှင့်ဟောင်ကောင်မြို့ အထိ ပို့ဆောင်ရောင်း ချကြကြောင်း မီးသွေးကုန်သည် ပလောင်လူမျိုး မိုင်းအိုက်မြ ကဆိုသည်။

“ ကျနော်တို့ မီးသွေးပို့တာ ညသန်းခေါင်ယံကနေ မနက် ၃ နာရီ အထိပေါ့၊ တာဝန် ကျတဲ့ လှည့်ကင်းရဲ တပ်ဖွဲ့ကို တိုးမိရင်လည်း တစ်စီးကျပ် ၁ သောင်းကနေ ၂ သောင်းအထိ ပေးကမ်းရတယ်၊ ပေးနိုင်ရင် တော့ အဖမ်း မခံရ ဘူးပေါ့ ” ဟု ၄င်းကပြောသည်။

မီးသွေးတင်ကားများသည် နမ့်ခမ်းမြို့ မန့်ဟောင်းကျေးရွာ နှင့် ပန်းဆေးပြည်သူ့စစ်ပိုင် နောင်တိန်း ကျေးရွာ ကူးတို့ဆိပ်မှတဆင့် တရုတ်နိုင်ငံ နောင်တောင်းမြို့ ဘက်သို့ မီးသွေးများ တင်ပို့နေကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment