Wednesday, February 12, 2014

တာမွေ လဂွန်းအိမ် ခုံးကျော်တံတားပေါ်မှ ဟွန်ဒါဖစ်တစ်စီး ပြုတ်ကျ

တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ် ရပ်ကွက်ရှိ လဂွန်းအိမ် ခုံးကျော်တံတားပေါ်တွင် ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်က အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ဟွန်ဒါ (Honda) အမှတ်တံဆိပ် (Fit) ဖစ်အမျိုးအစား ယာဉ်တစ်စီး အဆိုပါ တံတားအောက် ၁၀ ပေခန့် နက်သော နေရာသို့ အရှိန်လွန်ပြုတ်ကျခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဦးအဏ္ဏဝါစိုး မောင်းလာသော ဟွန်ဒါဖစ်ယာဉ်မှာ သမိန်ဗရမ်းလမ်းမှ ကြက်ဘဲဈေးဘက်သို့ မောင်းနှင်လာစဉ် အဆိုပါ ခုံးကျော်တံတားပေါ်၌ ရှေ့တွင် မောင်းလာသောယာဉ်ကို ကျော်တက်ရာမှ အရှိန်လွန်ကာ ညာဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး တံတားဘောင်လက်ရန်းကို ဝင်တိုက်မိရာမှ အောက်သို့ ပြုတ်ကျခဲ့ကြောင်း၊ ယင်းသို့ ပြုတ်ကျစဉ် တံတားအောက်ရှိ မလွှကုန်းဘူတာမှ မီးရထား ဝန်ထမ်းများ နေထိုင်ရာ လိုင်းခန်း၊ ဦးခင်ဇော်၏ နေအိမ်ခေါင်မိုးပေါ်သို့ ပြုတ်ကျခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 
“ဝုန်းခနဲ့ ခေါင်မိုးပေါ်က အသံကြားလို့ ကြည့်လိုက်တော့ ကားက လိုင်းခန်းနှစ်ခု ကြားထဲက နောက်ဖေးဆောင် အခန်းဘက် ပြုတ်ကျပြီး တင်နေတာ။ ဆယ်ပေလောက် အမြင့်ကနေ ကားပြုတ်ကျတာကြောင့် နောက်ဖေးခန်းထဲမှာ လူရှိလို့က သေပြီထင်ပြီး လန့်သွားတယ်” ဟု အဆိုပါ မီးရထားလိုင်းခန်း အိမ်ရာတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။ 

လဂွန်းအိမ် တံတားပေါ်မှ အောက်သို့ ထိုးကျပြီး နေအိမ်ခေါင်းမိုးပေါ် ပြုတ်ကျခဲ့သောကြောင့် ဟွန်ဒါဖစ် ယာဉ်မောင်းတွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ နေအိမ်ခေါင်မိုး သွပ်ပြားများ ပိန်ချိုင့် ပျက်စီးခဲ့သော်လည်း အခြားလူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း တာမွေမြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားပေါ်မှ ထိုးကျအောင် မောင်းနှင်ခဲ့သည်ဟုဆိုကာ ယာဉ်မောင်း ဦးအဏ္ဏဝါစိုးကို တာမွေမြို့မ ရဲစခန်းမှ ယာဉ်(ပ) ၉/၁၄၊ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment