Wednesday, February 12, 2014

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦနှင့် စွမ်းအင်လိုအပ်ချက် ဂျာမနီကူညီမည်

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အဦနှင့် လျှပ်စစ်စွမ်းအင် ကဏ္ဍတို့သည် ဦးစားပေး လိုအပ်ချက်များ ဖြစ်ပြီး ယင်းကဏ္ဍနှစ်ခု ဖွံ့ဖြိုးလာရေးအတွက် ဂျာမနီက ထောက်ပံ့ ကူညီမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျာမနီနိုင်ငံ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ရုံးခွဲဖွင့်လှစ်မည့် ဂျာမနီ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပူးပေါင်း ပြုလုပ်သော ပထမဆုံးအကြိမ် မြန်မာ-ဂျာမနီ စီးပွားရေးဖိုရမ်တွင် ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“ဒေသတွင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိဖို့အတွက် အဆင့်အတန်းမီတဲ့ လုပ်ဆောင်ချက်တွေ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်လျှောက်မှာ ထုတ်လုပ်မှု စွမ်းအားမြင့်ဖို့ဟာ အဓိကသော့ချက်ပါ။ ဒီအချက်တွေ ဖြစ်နိုင်ဖို့ အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုး တိုးတက်ဖို့က မရှိမဖြစ် လိုအပ်ပါတယ်” ဟု ဂျာမနီနိုင်ငံ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ပါမောက္ခ Ludwig George Braun က ပြောဆိုသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရန် အမေရိကန်ဒေါ်လာ ၃၂၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် လိုကြောင်း UMFCCI အလုပ်အမှုဆောင် ဦးသူရိန်အောင်က ဆိုသည်။

ထို့အပြင် နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်များ ပြည့်ဝရန် လိုအပ်ပြီး ယင်းအတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ စွမ်းဆောင်ရည် တည်ဆောက်ရေး သင်တန်းများပေးရန် ယင်းပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
“အသက်မွေးဝမ်းကျောင်း (Vocational Training) ပညာနဲ့ ပတ်သက်ရင် ဂျာမနီနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နိုင်ငံတစ်ခုပါ” ဟု UN Resident Coordinator's Office ၏ အကြီးတန်း အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။

ပထမအကြိမ် မြန်မာ-ဂျာမနီ စီးပွားရေးဖိုရမ်သို့ ဂျာမနီ စီးပွားရေး လုပ်ငန်းပေါင်း ၁၅၀ ခန့် တက်ရောက်လာပြီး ဂျာမနီနိုင်ငံ၏ နာမည်ကြီး စီးပွားရေး လုပ်ငန်းများဖြစ်သော BMW၊ Robert Bosch၊ Siemens၊ Deutsche Bank AG စသည့် ကုမ္ပဏီကြီးများပါ ပါဝင်သည်။

The Voice

No comments:

Post a Comment