Thursday, February 20, 2014

တောင်ငူမြို့မဈေး မီးလောင်၍ မိုင်ဒါကွင်းအတွင်း ယာယီဈေးနေရာ ချထားပေးခြင်းကို ဘော်လီဘော ကော်မတီ ကန့်ကွက်

တောင်ငူမြို့မဈေးကြီး မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ဈေးသူ ဈေးသားများ၏ တောင်းဆိုချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှတ် ၁၈ ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း ဟောင်းဘေးရှိ မိုင်ဒါကွင်း အတွင်း၌ ယာယီဈေး ချထားပေးမှုကို လက်ခံနိုင်ခြင်း မရှိကြောင်း တောင်ငူမြို့ ဘော်လီဘော ဆပ်ကော်မတီဝင်များက ပြောကြားသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက မီးဘေးသင့် ဈေးသူဈေးသားများနှင့် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၈ နာရီအချိန် တွေ့ဆုံစဉ် မြို့မိမြို့ဖများနှင့် ဈေးသူဈေးသားများ ၏ တောင်းဆိုချက်အတိုင်း ယာယီဈေးမြေနေရာကို အမှတ် ၁၈ ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်ဒါကွင်းအတွင်း ဈေးဆိုင်ခန်းပေါင်း ၁၁၀၀ ကျော် အခမဲ့ ပြန်လည် ဆောက်လုပ် ပေးသွား မည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းသို့ ကန့်ကွက်ခြင်း ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

မီးဘေးသင့် ဈေးသူဈေးသားများကို စာနာသော်လည်း ဒေသခံ မြို့သူမြို့သားများ အပန်းဖြေ ကစားသည့် ဘော်လီဘောကွင်း သုံးကွင်းရှိခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များ အနေနှင့် ထည့်သွင်း စဉ်းစားခြင်း မရှိသောကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း တောင်ငူမြို့ခံ ဘော်လီဘောအသင်း ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးချိုလေးက ပြောကြားသည်။

ယာယီဈေး တည်ဆောက်ရန် လျာထားသော မြေနေရာသည် တောင်ငူမြို့ခံများ ညနေတိုင်း အနားယူအပန်းဖြေ ကစားသည့် ဘော်လီဘောကွင်း သုံးကွင်း၌ နေ့စဉ် လူဦးရေ ၅၀ မှ ၁၀၀ ကြားလာရောက် ကစားကြရုံမျှမက လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နှင့် တောင်ငူမြို့တည် နန်းတည် အထိမ်းအမှတ် ပွဲတော်ကြီးများတွင် ဖိတ်ခေါ် ဘော်လီဘော ပြိုင်ပွဲများကို ကျင်းပသည့် ဘော်လီဘောကွင်းများ ဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ယင်းဘော်လီဘောကွင်း သုံးကွင်းမှာ ပွဲကြည့်စင်များနှင့် သောက်ရေကန်များပါ ထည့်သွင်း ဆောက်လုပ်ထားရုံမျှမက နေ့ပွဲ၊ ညပွဲများ ကစားနိုင်ရန်အတွက် မီးချောင်းများဖြင့် စနစ်တကျ ဆောက်လုပ် ထားသောကြောင့် ဘော်လီဘောကွင်း မြေနေရာကို ချန်လှပ်၍ ယာယီဈေး ဆောက်လုပ်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာန တာဝန်ရှိသူများထံ တင်ပြထားကြောင်း ဘော်လီဘော ဆပ်ကော်မတီ ဥက္ကဋ္ဌက ပြောဆိုသည်။

ယာယီဈေးနေရာအတွက် ဆောက်လုပ်မည့် ကန်ထရိုက်များကို တင်ဒါခေါ်ထားရာ ဖေဖော်ဝါရီ၂၀ ရက်နေ့ (ယနေ့) တွင် တင်ဒါရရှိသူများကို ကြေညာမည် ဖြစ်ရာ မြို့ခံဘော်လီဘော ဆပ်ကော်မတီ၏ ကန့်ကွက်မှုကို မသိရသော်လည်း ဘော်လီဘော ကွင်းနေရာများကို ချန်လှပ်၍ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာ ဦးစီးဌာန ဦးစီးအရာရှိ ဦးတိုးတိုးအောင်က ပြောကြားသည်။

တောင်ငူမြို့မဈေးကြီး ဖေဖော်ဝါရီလ ၁၃ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ဈေးရုံပေါင်း ၃၈ ရုံအနက် မင်္ဂလာရုံ (၁)၊ မင်္ဂာလာရုံ (၂)၊ မင်္ဂလာကြားရုံ၊ A ရုံ၊ B ရုံ၊ A ကပ်၊ B ကပ်၊ ရုံအမှတ် ၁၊ ၂၊ ၃၊ ၅ အပါအဝင် ဈေးရုံပေါင်း ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ဆိုင် မီးလောင် ပျက်စီးဆုံးရုံးခဲ့ရာ ပျက်စီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် သိန်းပေါင်း ၄၀၀၀၀ ကျော်ခန့် ဆုံးရှုံးခဲ့ပြီး လူတစ်ဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လူသေဆုံးမှု မရှိခဲ့ပေ။

The Voice Weekly

No comments:

Post a Comment