Thursday, February 20, 2014

မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ မွေးဖွားပြီးနောက် ၃၂ နာရီကျော်အကြာတွင် အသက်ဆုံးရှုံး

ရင်ချင်းဆက်အမြွှာ ကလေးငယ်များအား မသေဆုံးမီအချိန်ခန့်က တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့၌ မွေးဖွားခဲ့ပြီးနောက် နာရီပေါင်း ၃၂ နာရီကျော်ကြာအချိန်တွင်  သေဆုံးသွားခဲ့ကြောင်း မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။

အဆိုပါ ရင်ချင်းဆက်အမြွှာအား မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီ အချိန်ခန့်က ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်မွေး ဖွားပေးခဲ့ခြင်းဖြစ်ပြီး ကလေးများ၏ ကျန်းမာရေးအခြေအနေအရ မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေး ရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့သော်လည်း ကလေးများ၏ မွေးရာပါ ကျန်းမာရေးချို့ယွင်းချက်များကြောင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် သေဆုံး သွားခဲ့ရကြောင်း သိရသည်။

“ရင်ချင်းဆက်အမြွှာ သေဆုံးသွားခဲ့တာက ဒီနေ့မနက် ၂ နာရီ ၅၀ မိနစ် အချိန်ပါ။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေက မွေးဖွားလာစဉ်ကတည်းက ရင်ဘတ်ပိုင်းကနေ ၀မ်းဗိုက်ပိုင်းအထိ ဆက်စပ်နေတဲ့ အပြင် ချက်တိုင်နေရာမှာက Omthalocele လို့ခေါ်တဲ့ အူအိတ်က ကလေးတွေရဲ့ ၀မ်းဗိုက် အပြင်ဘက်ပိုင်းကို ထွက်ကျနေပြီးတော့ သူတို့ရဲ့ မွေးရာပါအဖြစ် ပါလာပါတယ်။ အူအိတ်ထဲမှာလဲ အသည်း စတွေ ပါနေပါတယ်။ သူတို့ကို ဆေးရုံမှာရှိတဲ့ ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေနဲ့ ကလေးအထူးကု ဆရာဝန်ကြီးတွေအပြင် သက်ဆိုင်ရာဆရာဝန်ကြီးတွေက လိုအပ်တဲ့ ဆေးဝါးကုသမှုတွေပေးခဲ့သလို အချိန်နဲ့အမျှ စောင့်ရှောက်မှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ ကလေးတွေ သေဆုံးရတဲ့ အဓိကအကြောင်း အရင်းကို ပြောရမယ်ဆိုရင် အမြွှာကလေးတွေဟာ မွေးဖွားပြီးချိန်ကစပြီး အောက်စီဂျင်ပေးထားရတယ်။ လိုအပ်တဲ့ဆေးတွေ သွင်းတယ်၊ သွေးသွင်းတယ်။ ကလေးတွေဟာ မွေးလာကတည်းက နှလုံးဟာ တစ်ခုထဲ ပါလာတယ်။ အဆုတ်က လဲမကောင်းဘူး။ ရင်ခေါင်းကလဲ သေးတော့ အဆုတ်ဖွံ့ဖြိုးမှုမရှိဘူး။ အဆုတ်ဖွံ့ဖြိုးမှုမရှိတော့ အသက်ရှူတဲ့နေရာမှာ အဆင်မပြေတော့ဘူး။ အဓိကကတော့ နှလုံး၊ အဆုတ်နဲ့ အောက်စီဂျင် ကောင်းကောင်းမရတာတွေက အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ သုံးသပ်ကြည့်လို့ ရပါတယ်”ဟု မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်စိုးက ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက သတင်းမီဒီယာများအား တွေ့ဆုံရာတွင် ယင်းသို့ ရှင်းလင်းပြောကြား ခဲ့သည်။

“ကလေးတွေကို မမွေးခင်က အင်္ဂါမစုံဘူးလို့ ထင်ထားခဲ့တာပါ။ အခုမွေးဖွားပြီးတဲ့အချိန်မှာ သူတို့အင်္ဂါအစုံ အလင်နဲ့ မြင်ရတော့ ၀မ်းသာမိတယ်။ အခုလို ဆုံးရှုံးလိုက်ရတယ်ဆိုတော့ ၀မ်းနည်းမိတာပေါ့။ သူတို့ ရဲ့ ကံပေါ့ဗျာ”ဟု ရင်ချင်းဆက်အမြွှာနှစ်ဦး၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်က ဆိုသည်။

အဆိုပါ ရင်ချင်းဆက်အမြွှာနှစ်ဦးမှာ ယောက်ျားလေးများဖြစ်ပြီး မွေးဖွားပြီးချိန်တွင် နှစ်ဦး၏ ကိုယ်အလေး ချိန်မှာ ၅ ဒဿမ ၁ ကီလိုဂရမ် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ် တစ်လျှောက်တွင် ရင်ချင်းဆက်အမြွှာ မွေးဖွားခဲ့မှုမှာ ယခု မန္တလေးမြို့ တွင် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာမှာ ခြောက်ကြိမ်မြောက်အဖြစ် မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း ကလေးများ၏ ကျန်းမာရေးအခြေအနေအရ နောက်ဆုံးတွင် အသက်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။ ကျန်းမာရေးဖြစ်စဉ်များတွင် ထူးခြားမှုများအဖြစ် ရင်ချင်းဆက်အမြွှာများအား မကြာခဏ တွေ့ရှိရတတ်ပြီး ရှားပါးဖြစ်စဉ်အနေဖြင့်လည်း ၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့၌ တင်ပဆုံအရိုးကွင်းဆက်ဖြင့် မွေးဖွားလာခဲ့ သည့် မိုးမမအောင်၊ မိုးပပအောင်နှင့် ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၌ပင် တင်ချင်းဆက် အမြွှာနှစ်ဦးဖြစ် သည့် အောင်ခန့်ကျော် နှင့် အောင်မြတ်ကျော်တို့နှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။

Eleven Media Group

No comments:

Post a Comment