Friday, February 7, 2014

ဒေါ်လာ ၁၂ သန်းတန် ရေဆိုးသန့်စင်စက်ရုံ မန်းတွင် ဆောက်မည်

မန္တလေးမြို့ စက်မှုဇုန်အတွင်းမှ ထွက်ရှိလာသော ရေဆိုးများကို အခကြေးငွေဖြင့် သန့်စင်ပေးမည့် စက်ရုံ တည်ဆောက်ရန် ထိုင်းနိုင်ငံမှကုမ္ပဏီတစ်ခုနှင့် ဆွေးနွေး အကောင်အထည်ဖော်သွားမည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်(၁) ဦးထွန်းကြည်က ဖေဖော်ဝါရီ ၆ ရက်က မဇ္ဈိမ ကို ပြောသည်။

“တောင်အင်းမြောက်အင်းရှိ မြေငါးဧကပေါ်မှာ ရေဆိုးထုတ်စက်ရုံ တည်ဆောက်ခြင်းကိစ္စကို ဆွေးနွေးတော့ မှာ ဖြစ်ပါတယ်။ အလျင်အမြန် အကောင်အထည်ဖော်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဦး ထွန်းကြည်က ပြောသည်။

ရေဆိုးထုတ်စက်ရုံကို HydroTech Mandalay ကုမ္ပဏီက ဒေါ်လာ ၁၂ သန်း ကုန်ကျခံကာ တောင်အင်း မြောက်အင်းမြေ ခြောက်ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ရေဆိုး ဂါလံ လေးသိန်း သန့်စင်ပေးနိုင်သည့် စက်ရုံဖြစ်ကြောင်း၊ စက်မှုဇုန်မှထွက်ရှိလာသော ဂါလံအလိုက် ဈေးနှုန်း တွက်ချက်ကာ သန့်စင်ခ ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“တည်ဆောက်ခြင်းလုပ်ငန်းကို တစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ စက်မှုဇုန်ထဲ ကထွက်တဲ့ ရေဆိုးတွေကို အခပေးစနစ်နဲ့ သန့်စင်ပေးမှာ ဖြစ်ပါတယ်။ ရလာတဲ့ငွေကြေးကို စည်ပင်က ၁၀ ရာနှုန်း၊ သူတို့က ၉၀ ရာနှုန်း ယူမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းကြည်က ပြောသည်။

တည်ဆောက်ခြင်းလုပ်ငန်းအတွက် အမေရိကန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တင်ဒါခေါ်ယူခဲ့ပြီး ယင်းအထဲမှ ကုမ္ပဏီနှစ်ခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုအထဲမှ မြန်မာနိုင်ငံ ရုံးခွဲတည်ရှိပြီး လုပ်ဆောင် ရမည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင်နိုင်မည့် ကုမ္ပဏီဖြစ်သည့် ထိုင်းကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ် သည်။ သို့သော် တင်ဒါအောင်မြင်သည့် ထိုင်းကုမ္ပဏီကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ရေဆိုးစက်ရုံကို နှစ် ၅၀ လုပ်ပိုင်ခွင့်ပေးကာ လုပ်ဆောင်သွားမည်ဖြစ်ပြီး နှစ် ၅၀ အတွင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြေငှားရမ်းခ၊ ရေဆိုးကောက်ခံရရှိငွေမှ ၁၀ ရာနှုန်းကို အကျိုးအမြတ်အနေဖြင့် ခံစားရမည်ဖြစ်သည်။

မန္တလေးစက်မှုဇုန်တွင် လက်ရှိ စက်မှုလုပ်ငန်းပေါင်း ၉၃ ခုရှိကာ တစ်နေ့လျှင် ရေဆိုးပမာဏသုံးသိန်းမှ ငါးသိန်းဝန်းကျင်အထိထွက်ရှိကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မှတ်တမ်းများတွင် ဖော် ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment