Monday, February 3, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ လွှတ်တော်တွင် ဖွဲ့စည်းမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်ခွင့်ရှိမည့် ကော်မတီတစ်ခုကို ယခုကျင်းပနေ ဆဲ န၀မအကြိမ် လွှတ်တော်အစည်းဝေးတွင် ထပ်မံဖွဲ့စည်းသွားမည်ဟု ပြည်ထောင်လွှတ်တော် ဥပဒေ ကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက မဇ္ဈိမကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြောသည်။

“ဒီအစည်းအဝေးအတွင်းမှာဖွဲ့မှာ ဘယ်ရက်လို့တော့ အတိအကျမပြောနိုင်ဘူ။း ဒီကော်မတီက အရင် ကော်မတီထက် လုပ်ပိုင်ခွင့်ပိုရမယ်လို့ ပြောလို့ရတယ်။ သက်တမ်းကလည်း ပိုကြာနိုင်မယ်။ အခုတင် ထားတဲ့ အချက်တွေက ဘယ်ဟာက ပြင်သင့်တယ်၊ ဘယ်ဟာကတော့ မပြင်သင့်ဘူးဆိုတာကို လွှတ် တော်ကို အစီရင်ခံရမှာ”ဟု ၎င်းက ဆိုသည်။

န၀မအကြိမ် လွှတ်တော်အစည်းအဝေးအတွင်း ဖွဲ့စည်းမည့် ယင်းကော်မတီကို လက်ရှိအစီရင်ခံစာတင် သွင်းခဲ့သည် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အဖွဲ့ဝင်များထဲမှ အချိုးကျ ပြန်လည် ရွေးချယ်သွားနိုင်သည်ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံလေ့လာသုံးသပ် တွေ့ရှိချက်များသည် ဆုံးဖြတ် ချက်များမဟုတ်ဘဲ လွှတ်တော်တွင်း မှတ်တမ်းအဖြစ် ထားရှိသွားမည်ဖြစ်ပြီး ထပ်မံဖွဲ့စည်းမည့် ပြင်ဆင် ရေးဆိုင်ရာ ကော်မတီကသာလျှင် ပြင်ဆင်မည့်အချက်များနှင့် မပြင်ဆင်သင့်သည်အချက်များကို ကော် မတီအတွင်း ဆွေးနွေးကာ လွှတ်တော်သို့ တင်ရမည်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။

“လူဦးရေ ဘယ်လောက်ပါမလဲဆိုတာ မသိပေမယ့် အခု လေ့လာသုံးသပ်ရေးကော်မတီထက်တော့ တစ် ၀က်လောက်လျော့မယ် ဒီတစ်ပတ်လုပ်မယ့် အစည်းဝေးမှာ ဖွဲ့မယ်လို့ နာယကက ပြောတယ် ဒီကော်မ တီကမှ လုပ်ပိုင်ခွင့်ပိုရှိမှာ”ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံ ပြည်သူများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ တပ်မတော်၊ နိုင်ငံရေးအင်အားစုများက တင်ပြလာသည့် အကြံပြုချက်ပေါင်း ၂၈,၂၄၇ ချက်ပါဝင်သည့် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီ ၃၁ ရက်တွင် တင်သွင်းခဲ့သည်။

အဆိုပါတင်သွင်းသည့် အစီရင်ခံစာတွင် နိုင်ငံတစ်ဝန်း လူထုစိတ်ဝင်စားမှုအရှိဆုံး ဖြစ်သည့် ပုဒ်မ ၅၉/စ ကို ပြင်ဆင်လိုသူမှာ တစ်ထောင်ကျော်သာပါဝင်ပြီး လူတစ်သိန်းကျော်က မပြင်ဆင်လိုကြသည်ကို တွေ့ ရှိရသည်ဟု ပါရှိသည်။

ဇန်န၀ါရီ ၃၁ ရက်တွင် အစီရင်ခံစာတင်သွင်းသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အစီရင်ခံစာတင်သည့်နေ့မှာပင် သက်တမ်းကုန်ဆုံး ကာ မကြာမီ ဖွဲ့စည်းမည့် ကော်မတီကသာလျှင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment