Monday, February 3, 2014

ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲနှစ်ပွဲ ထပ်ဖြစ် သစ်မှောင်ခိုလုပ်သူများ ထွက်ပြေးတိမ်းရှောင်


ကချင်ပြည်နယ်၊ မန်စီမြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ သည်မှာ လေးရက်ကြာရှိနေပြီဖြစ်သည်ဟု ကေအိုင်အို ငြိမ်းချမ်းရေး နည်းပညာအကြံပေးအဖွဲ့မှ ဦးဒေါင်ခါးက မဇ္ဈိမကို ပြောသည်။

ဦးဒေါင်ခါးက “တိုက်ပွဲဖြစ်နေတယ်ဆိုတာ ဟုတ်တယ်၊ ကျွန်တော်တို့ KIA ဘက်က ထိခိုက်တာတွေရှိ တယ်၊ ဒါပေမဲ့ တိုက်ပွဲကာလဆိုတော့ အတိအကျ မပြောနိုင်သေးဘူး”ဟု ဆိုသည်။

မိုးမောက်မြို့နယ်၊ တံခွန်ရွာအနီးတွင် တပ်မတော်ဘက်မှ သစ်မှောင်ခိုများ လိုက်လံဖမ်းဆီးရာ KIA တပ် ဖွဲ့များနှင့်တွေ့ကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မန်စီမြို့နယ်၊ နမ့်လင်းပါရွာအနီးနှင့် မိုးမောက်မြို့နယ်၊ တံ ခွန်ရွာအနီးတွင် ဖြစ်သည်ဟုလည်း ဦးဒေါင်ခါးက အတည်ပြု ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ဦးဒေါင်ခါးက “တိုက်ပွဲက ဘာမှမဟုတ်ဘဲနဲ့ ပစ်ခတ် မှုနဲ့ ပြန်ဖြစ်နေတာပဲ၊ ကျွန်တော်တို့ဘက်က မှတ်ထားသလောက်ဆိုရင်တော့ အပြင်မှာ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ဦးအောင်မင်းတို့တွေ့ပြီဆို ပြန်ဖြစ်တာပဲ၊ စစ်တပ်ကပဲ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ လား၊ ငါးကြိမ်ဆိုတာ တိုက်ဆိုင်မှု မဟုတ်တော့ဘူး”ဟု ဆိုသည်။

အောက်တိုဘာလတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် မန်စီမြို့နယ်တစ်ဝိုက်ရှိ ရွာ ၁၂ ရွာလုံးမှ ဒေသ ခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မန်စီမြို့နယ်မှ စစ်ပြေးဒုက္ခသည် ၅,၀၀၀ ကျော်ခန့်မှာ နီးစပ်ရာ ဒုက္ခ သည်စခန်းအသီးသီးတွင် ခိုလှုံလျက်ရှိသည်။

တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ရှိသည် ဟု ကုလသမဂ္ဂ လူသားခြင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ကောက်ယူမှု စစ်တမ်းများတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်အခြေစိုက် စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းများ တာဝန်ယူ ဖွင့်လှစ်ထားသည့် ကတ်သလစ်အသင်းတော် ဂရုဏာ လူမှုကယ်ဆယ်ရေးမှ တာဝန်ခံကိုနော်ဒင့်က “၃၀ ရက်က ပြန်ဖြစ်တဲ့ တိုက်ပွဲမှာတော့ စစ်ပြေးဒုက္ခသည် တိုးလာတာ မရှိသေးဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာတွေက သစ်မှောင်ခိုနဲ့ စီးပွားရေးလုပ်တဲ့သူတွေရှိတယ် သူတို့တွေတော့ ဒုက္ခရောက်ပြီး ထွက်ပြေးလာရတယ်လို့ ကြားတယ်” ဟု ပြော သည်။

ကချင်ပြည်နယ်တွင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလမှစ၍ တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်မှာ ငါးကြိမ် မြောက်ဖြစ်ပြီး တိုက်ပွဲများနှင့်ပတ်သက်၍ အကြောင်းကြားခြင်း တစ်စုံတစ်ရာ ပြောဆိုခြင်းများ မရှိဟု လည်း ဦးဒေါင်ခါးက ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးကို မဇ္ဈိမက ဆက်သွယ်မေး မြန်းခဲ့ရာ တိုက်ပွဲနှင့်ပတ်သက်သည့် သတင်းများ ရရှိသော်လည်း တစ်စုံတစ်ရာ အတိအကျ ပြောဆိုနိုင် ခြင်းမရှိဘဲ စစ်မြေပြင်မှ တာဝန်ရှိသူများထံတွင်သာ ပြောဆိုခွင့်ရှိ သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

Mizzima

No comments:

Post a Comment