Wednesday, February 12, 2014

နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုနှင့် ဥပဒေပြုရေးအာဏာကို လူနည်းစုလက်ထဲတွင် ဆုပ်ကိုင်ထားပါက စီးပွားရေးအရ တိုးတက်လာရန် မဖြစ်နိုင်ကြောင်း ဂျာမနီနိုင်ငံသမ္မတ ရန်ကုန်တက္ကသိုလ်၌ပြောကြား

မြန်မာနိုင်ငံသို့ အလည်အပတ်အဖြစ် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသမ္မတ H.E. Mr Joachim Gauck က ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ပြောကြား ခဲ့သောမိန့်ခွန်းတွင် နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုနှင့် ဥပဒေပြုရေးအာဏာကို လူနည်းစုလက်ထဲတွင် ဆုပ်ကိုင်ထားပါက စီးပွားရေးအရ တိုးတက်လာရန် မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံအနေဖြင့် အချိန်ကာလ အနည်းငယ်အတွင်း ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင် ခဲ့သော်လည်း ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များစွာ ကျန်ရှိနေသေးကြောင်းလည်းဆိုသည်။

“အခက်အခဲတွေလည်း ပေါ်ပေါက်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်တိုင်း မကြာခဏဆိုသလို ကြောက်စိတ်တွေနဲ့ မလိုလားမှုတွေပါ ပေါ်ပေါက်လာတတ်လို့ပါပဲ” ဟု သမ္မတ Joachim Gauck က သတိပေးပြောကြားသည်။

ထို့အပြင် ယခင်က ကွယ်ဝှက်ထားခဲ့သော ပဋိပက္ခများကိုလည်း ပွင့်လင်းစွာ ဖြေရှင်းသင့်ကြောင်း၊ သို့သော် တိုင်းရင်းသား လူမျိုးစုများစွာရှိသော မြန်မာနိုင်ငံအနေဖြင့် လွယ်ကူမည်မဟုတ်ကြောင်း ဆိုသည်။

“အရေးကြီးဆုံးကတော့ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့တဲ့ စစ်၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေပါပဲ။ မိသားစုတွေဟာ ဒါတွေကလွဲလို့ တခြားဘာမှမသိဘဲ မျိုးဆက်ပေါင်းများစွာ နေခဲ့ရတာပါ။ သည်းခံမှုနဲ့ အပြန်အလှန် လေးစားမှုဆိုတာ အပေါ်ကနေ လိုက်နာအောင် လုပ်ဆောင်လို့ရတာ မဟုတ်ပါဘူး” ဟု သမ္မတ Joachim Gauck ကဆိုသည်။

သို့ရာတွင် သမ္မတဦးသိန်းစိန်အစိုးရက နိုင်ငံရေးအကျဉ်းသား အားလုံးနီးပါး လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီကို လွှတ်တော်သို့ ၀င်ရောက်ခွင့်ပြုခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီများ ရရှိရန် ကြိုးပမ်းခြင်း၊ အတင်းအဓမ္မ စေခိုင်းမှုများနှင့် ကလေးစစ်သား စုဆောင်းခြင်းများ ရပ်တန့်ခြင်းတို့ကို ကြိုဆိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ကျွန်တော့်ကို ဒီလာစေဖို့ တိုက်တွန်းနေခဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေ ရှိပါတယ်။ ကျွန်တော်ဟာ ဂျာမနီဖက်ဒရယ် သမ္မတနိုင်ငံရဲ့ သမ္မတတစ်ဦးအဖြစ်သာ မဟုတ်ပါဘူး။ ကျွန်တော့်သက်တမ်းရဲ့ သုံးပုံနှစ်ပုံကို ဖိနှိပ်မှုနဲ့ တရားမမျှတမှုအောက်မှာ ဖြတ်သန်းခဲ့ရတဲ့ ဂျာမန်တစ်ယောက်အနေနဲ့ ပါလာခဲ့တာပါ။ ကြောက်ရွံ့မှုတွေ ကနေ ကင်းလွတ်လိုတဲ့ ဆန္ဒကို ကျွန်တော်သိပါတယ်။ ၁၉၈၉ ခုနှစ်က အရှေ့ဂျာမနီမှာ ငြိမ်းချမ်းတဲ့တော်လှန်ရေးတစ်ခု ဖြစ်ပေါ်လာပြီး ဒီမိုကရေစီ ရရှိခဲ့တာပါ။ ဒီလိုလွတ်မြောက်သွားတဲ့ အချိန်လေးမှာ အရမ်းကြီးမားတဲ့ စွမ်းအင်တွေ ထွက်ပေါ်လာပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း ဒီလိုအတွေ့အကြုံမျိုး ကြုံတွေ့ရမယ်လို့ မျှော်လင့်ပါတယ်” ဟု သမ္မတ Joachim Gauck က ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် အကောင်းမြင်သင့်သည့် အကြောင်းပြချက်များလည်းရှိကြောင်း၊ ကချင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အဆုံးသတ်ရန် ကြိုးပမ်းချိန်မှစ၍ နိုင်ငံအနှံ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အစပျိုးလာခဲ့ကြောင်း၊ စည်းလုံးညီညွတ်ရေးသည် တိုင်းရင်းသား လူနည်းစုများအတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံသားတိုင်းအတွက်ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်နိုင်မှသာ မြန်မာနိုင်ငံအနေဖြင့် ချမ်းသာကြွယ်ဝမည်ဖြစ်ကြောင်း ပြောကြားသည်။

ဂျာမနီအနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များအတွက် ကူညီထောက်ပံ့ပေးရန် လိုလားသည့်အပြင် လွှတ်တော်အတွင်းရှိ တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက် ၍လည်း ဆွေးနွေး ခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

“ဂုဏ်သိက္ခာရှိတဲ့ ဘ၀တစ်ခုကို တည်ဆောက်ဖို့အတွက် လွတ်လပ်မှု၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီတို့ဟာ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ဥပဒေပြုရေးအာဏာကို လူအနည်းစုလက်ထဲမှာ ဆုပ်ကိုင်ထားရင် စီးပွားရေးအရ တိုးတက်လာဖို့ အာမမခံနိုင်ပါဘူး။ လက်ရှိအချိန် အထိ ပြုလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့ ဘ၀တွေအပေါ် ဘယ်လောက်သက်ရောက်မှု ရှိတယ်ဆိုတာ ပြည်သူတွေတကယ်သိမှသာ ပြုပြင်ပြောင်းလဲမှုတွေ ပြည်သူတွေ လက်ခံ လာမှာ ဖြစ်ပါတယ်” ဟု ၎င်းကထောက်ပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရန်နှင့် စီးပွားရေး အောင်မြင်တိုးတက်မှု ရှိရန်အတွက် ပိုမိုကောင်းမွန်သည့် အခြေခံအဆောက်အအုံများ၊ ခေတ်မီသည့် ငွေကြေးစနစ်များအပြင် အရေးကြီးဆုံးမှာ ဥပဒေအာမခံချက်နှင့် ပွင့်လင်းမြင်သာမှု ရှိရန်ဖြစ်ကြောင်း၊ ထိုမှသာ ပြည်သူများ၏ ဘ၀များ တိုးတက်မည်ဖြစ်ကြောင်း ဆက်လက်ရှင်းပြခဲ့သည်။

ထို့အပြင် ပညာရေးစနစ် မြှင့်တင်ရန်လည်းလိုအပ်ကြောင်း ၎င်းကထောက်ပြခဲ့သည်။ “ကျောင်းသားတွေ အနေနဲ့ သူတို့ရဲ့ ပင်ကိုအရည်အသွေးတွေကို ပျိုးထောင်ပေးမယ့် ကျောင်းတွေ၊ သူတို့ဘ၀တွေကို အမှီအခိုမပါဘဲ ဆက်လက်ရပ်တည်နိုင်အောင် လမ်းပြပေးနိုင်တဲ့ကျောင်းတွေ လိုအပ်ပါတယ်။ ပြီးတော့ ကမ္ဘာနဲ့ ပြန်ပြီးအဆက်အသွယ်လုပ်ပေးမယ့် တက္ကသိုလ်တွေ လိုအပ်ပါတယ်။ ဒီရန်ကုန်တက္ကသိုလ်ကြီးက တစ်ချိန်က လုပ်ပေးခဲ့သလိုပါပဲ” ဟု ၎င်းကထောက်ပြခဲ့သည်။

ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတ Joachim Gauck က ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြောရခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ အဆိုပါတက္ကသိုလ်မှ ကျောင်းသားများသည် လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်များအတွက် တောင်းဆိုခဲ့ခြင်း၊ ကိုလိုနီစနစ်နှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်မှုများသည် အဆိုပါတက္ကသိုလ်မှပင် ပေါက်ပွားလာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်တက္ကသိုလ်၌ ဂျာမနီနိုင်ငံသမ္မတ H.E. Mr Joachim Gauck မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

No comments:

Post a Comment