Wednesday, February 19, 2014

လှိုင်သာယာစက်မှုဇုန် (၂) ရှိ Gallant Ocean အအေးခန်းစက်ရုံမှ အလုပ် သမား များ အခြေခံလစာ တိုးမြှင့်ပေးရေး ဆန္ဒပြမှု ပြေလည်မှု မရရှိသဖြင့် ခုံသမာဓိကောင်စီသို့ တိုင်ကြား

လှိုင်သာယာစက်မှုဇုန် (၂) ရှိ Gallant Ocean အအေးခန်းစက်ရုံမှ အလုပ် သမား ၉၀ ခန့် အခြေခံလစာ တိုးမြှင့်ပေးရေးဆန္ဒပြမှု ပြေလည်မှုမရရှိသေး၍ ခုံသမာဓိကောင်စီသို့ စာတင်တိုင်ကြားထားကြောင်း  ဆန္ဒပြ အလုပ်သမား များ၏ ပြောကြားချက်အရ သိရသည်။

    
အလုပ်သမား ၉၀ ခန့်သည် အခြေခံလစာ တိုးမြှင့်ပေးရေးအတွက် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ အလုပ် မဆင်းတော့ ဘဲ ယင်းစက်ရုံရှေ့တွင် ထိုင်ကာ ဖေဖော်ဝါရီ ၁၈ ရက်အထိ ဆန္ဒပြတောင်း ဆိုနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဆန္ဒပြနေကြသူများမှာ လခစားအလုပ်သမားများဖြစ်ပြီး ယင်းစက်ရုံတွင်းရှိ နေ့စားအလုပ်သမား များ ရရှိနေသော လစာနှင့် ၎င်းတို့၏လစာ တူညီမှုရှိစေရန်အတွက် ရည်ရွယ်ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။
    
ထို့ပြင် နေ့စားအလုပ်သမားများမှာ တစ်ရက်လျှင် ကျပ် ၂၅၀၀ ခန့်ရရှိနေသော်လည်း ဆန္ဒပြနေကြသည့် လခစား အလုပ်သမားများမှာမူ တစ်ရက်လျှင် အခြေခံလစာအဖြစ် ကျပ် ၁၀၀၀ခန့်သာရရှိခြင်းနှင့် လုပ်ခ လစာ စုစုပေါင်းအဖြစ် အနိမ့်ဆုံး ကျပ် ၅၆၀၀၀ မှ အမြင့်ဆုံးအဖြစ် ၉၀၀၀၀ ခန့်သာ ရရှိခြင်းကြောင့် နေ့စား အလုပ်သမားများ၏ လုပ်ခနှင့် နှိုင်းယှဉ်ပြီးတိုးမြှင့်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ် သမားများ၏ ပြောကြားချက်အရ သိရသည်။
    
"ကျွန်မတို့ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို ၁၈ ရက်ရှိနေပါပြီ။ နောက်ပြီး ဒီကြားထဲ သက်ဆိုင်ရာ အလုပ်သမား ၀န်ကြီးတွေနဲ့ ညှိနှိုင်းတာ လေးကြိမ်လောက်ရှိပြီ။ အခုချိန်ထိ ပြေလည်မှု မရရှိသေးပါဘူး။ ဖေဖော်ဝါရီ ၁၃ ရက်က ခုံသမာဓိကောင်စီသို့ စာတင်တိုင်ကြားထားပါတယ်။ အခုဆန္ဒပြနေ တာတောင် လစာတိုးလိုချင် လို့သာ လုပ်နေတာပါ"ဟု ဆန္ဒပြအလုပ်သမား မမာမာခင်က ဖေဖော်ဝါရီ ၁၈ ရက်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment