Thursday, February 20, 2014

အသက်အာမခံပါ GSM ဆင်းမ်ကတ် မလေးရှားရောက် မြန်မာလုပ်သား အားလုံး အခမဲ့ပေးမည်ဟုဆို

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူနှင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ် သားများအတွက် အသက်အာမခံစနစ် ပါဝင်သော မလေးရှားနိုင်ငံသုံး GSM ဆင်းမ်ကတ် များကို မတ်လ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ထုတ်ပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း ယင်းဝန်ဆောင်မှု ပေးအပ်မည့် မလေးရှားနိုင်ငံ Tone Plus ကုမ္ပဏီထံမှ သိရှိရသည်။

ယင်းသို့ ပေးအပ်နိုင်ရန်အတွက် Tone Plus ကုမ္ပဏီနှင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းတို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နားလည်မှု စာချွန်လွှာ (MoU) ရေးထိုး လိုက်ကြောင်း ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းက အတည်ပြု ပြောကြားသည်။

အဆိုပါ ဆင်းမ်ကတ် အသုံးပြုသူများသည် တစ်လလျှင် မလေးရှား ရင်းဂစ် ၃၀ နှုန်းဖြင့် နှစ်လ အသုံးပြုပြီး ပါက အသက်အာမခံစနစ် စတင်အသက်ဝင်မည် ဖြစ်ပြီး မတော်တဆမှု တစ်ခုခုဖြင့် အသက်ဆုံးရှုံးပါက ရင်းဂစ်တစ်သိန်းကို လျော်ကြေးငွေအဖြစ် ရရှိမည် ဖြစ်ကြောင်း၊ Air Asia လေယာဉ်စီးနင်းခွင့်နှင့် သက်ဆိုင်ရာ ဟိုတယ်များ၌ အခမဲ့ တည်းခိုခွင့်ကိုလည်း ပွိုင့် သတ်မှတ်ချက်အလိုက် ခံစားခွင့် ရှိကြောင်း Tone Plus ကုမ္ပဏီ၏ မြန်မာ နိုင်ငံကိုယ်စားလှယ် ဦးသန်းဝင်းက ရှင်းပြသည်။
“Tone Plus ဆင်းမ်ကတ်ကိုသုံးရင် မလေးရှားက အခြားလိုင်းတွေထက်လည်း ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ရင်းဂစ်ငါးပြား ပိုသက်သာတယ်” ဟု ၎င်းကဆိုသည်။

ယင်းကတ်ကို အသုံးပြုသူများသည် တစ်လလျှင် ဖုန်းခေါ်ဆိုခ အနည်းဆုံး ရင်းဂစ်သုံးဆယ် အသုံးပြုရမည် ဖြစ်ပြီး ယင်းသို့ အသုံးမပြုလျှင် အာမခံစနစ်၌ အကျုံးဝင်မည် မဟုတ်ကြောင်း Tone Plus ကုမ္ပဏီထံမှ သိရသည်။

မလေးရှားနိုင်ငံတွင် ယခုကဲ့သို့ အာမခံစနစ် ပါရှိသည့် ဆင်းမ်ကတ်ကို အခမဲ့ပေးမည်ဟု ဆိုခြင်းမှာ ကောင်းမွန်ကြောင်း၊ တယ်လီဖုန်း ခေါ်ဆိုခ ရင်းဂစ်သုံးဆယ် ဆိုသည်မှာ များပြားသည်ဟု မဆိုနိုင်သော်လည်း စောင့်ကြည့်ဦးမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားတစ်ဦးက ဆိုသည်။

မြန်မာလုပ်သားများ အနေနှင့် အဆိုပါ ဆင်းမ်ကတ်များကို မလေးရှားနိုင်ငံရှိ Tone Plus ကုမ္ပဏီ အရောင်းဆိုင် များနှင့် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် နေရာများတွင် နိုင်ငံကူးလက်မှတ် ပြသ၍ အခမဲ့ ထုတ်ယူနိုင်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

Tone Plus ကုမ္ပဏီသည် ထိုကဲ့သို့ ဆက်သွယ်ရေး ဝန်ဆောင်မှုမျိုးကို မြန်မာနိုင်ငံတွင် ယခုမှ စတင်ခြင်းဖြစ်ပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် အကောင်အထည်ဖော်ပြီး ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

မလေးရှားနိုင်ငံတွင် ပြဿနာများ ဖြစ်ပွားနေသော်လည်း တရားဝင် မြန်မာလုပ်သား ပြန်လာမှုမှာ နည်းပါးပြီး လုပ်ငန်းခွင်မှာ ပုံမှန်လည်ပတ်လျက် ရှိကြောင်း၊ သွားရောက်မည့် လုပ်သားများမှာလည်း ကောလာဟလ များကြောင့်သာ တွန့်ဆုတ်နေခြင်း ဖြစ်ပြီး သွားရောက်သူမှာ ပုံမှန်ထက် အနည်းငယ် နည်းခြင်းသာ ဖြစ်ကြောင်း တိမ်ပန်းချီ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်မြင့်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment