Thursday, February 20, 2014

Photo: အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ ပင်မ သပိတ်စခန်းကြီးကို ယူကရိန်း တပ်ဖွဲ့ဝင်များ ဖြိုခွင်း လူ ၂၅ ဦး သေဆုံး
Thursday, February 20, 2014

ယူကရိန်းနိုင်ငံ ကိယက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက သိမ်းပိုက် နေရာယူ ဖွင့်လှစ်ထားခဲ့သည့် သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက ဗုဒ္ဓဟူးနေ့တွင် စတင် ဝင်ရောက် နှိမ်နင်း ဖြိုခွင်းရာ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။

ယူကရိန်း အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အဓိက အခြေချရာ လွတ်လပ်ရေး ရင်ပြင်ရှိ သပိတ်စခန်းအား အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ဖြိုခွင်းရာ ဆန္ဒပြသူများက မီးရှူးများဖြင့် ပြန်လည် ပစ်ခတ်သောကြောင့် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်က အင်အားသုံး နှိမ်နင်းမှုကို အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ လူအုပ်ကြီးက ပြန်လည် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး အပါအဝင် လူပေါင်း ၂၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ များစွာ ရှိခဲ့သည်။

ထိုသို့ ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ယူကရိန်း သမ္မတ ယန်နူကိုဗစ်ခ်ျက အတိုက်အခံ ခေါင်းဆောင်အပေါ် ပြစ်တင် ပြောဆိုပြီး ပဋိပက္ခကို ရပ်ဆိုင်းရန် အချိန် နောက်ကျနေခြင်း မရှိကြောင်း သတိပေး ပြောကြားသည်။

ယူကရိန်း အာဏာပိုင်များ အဆိုအရ သမ္မတ ယန်နူကိုဗစ်ခ်ျသည် အထင်ကရ အတိုက်အခံ ခေါင်းဆောင်များ ဖြစ်ကြသော ဗစ်တာလီ ကီရှင်ကို၊ အာဆန်တီယာ ဆန်ညက်တို့နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက လွတ်လပ်ရေး ရင်ပြင်တွင် လူစုဖွဲ့ သပိတ်စခန်း ဖွင့်မှုကို အင်္ဂါနေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍ ရပ်ဆိုင်းပေးရန် သတ်မှတ်ချိန် ထုတ်ပြန်ခဲ့ပြီး ယင်းအချိန် ကျော်သွားချိန်တွင် အင်အားသုံး ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင်မူ အကြမ်းဖက်မှုများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်မှုများကြောင့် ကိယက် မြို့လယ်ကောင် ဒေသသို့ မော်တော်ယာဉ်များ ဝင်ရောက်လာခြင်း မရှိသည်ကို တွေ့ရကြောင်း နိုင်ငံခြား သတင်းထောက်များက ပြောကြားသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက “အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှု” ဟူသော အမည်ဖြင့် လက်ကိုင် အသံချဲ့စက်များ ကိုင်ကာ သတိပေး ပြောဆိုပြီးနောက် သပိတ်စခန်းကို အင်အား အလုံးအရင်းဖြင့် ဝင်စီးခဲ့သည်။

ထိုသို့ စီးနင်း ဝင်ရောက်လာသည့် လုံခြုံရေး တပ်ဖွဲ့များကို ဆန္ဒပြသူများက မီးရှူးများ၊ ဓာတ်ဆီ ဗုံးများဖြင့် ပြန်လည် ပစ်ခတ်ကြကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း သံချပ်ကာ ယာဉ်များဖြင့် ဝင်ရောက်ကာ သပိတ်စခန်းရှိ အဟန့်အတားများကို ဖြိုဖျက်ပစ်ကြကြောင်း BBC သတင်းထောက်က ဆိုသည်။

အဆိုပါ ဖြစ်ရပ်များအတွင်း သပိတ်စခန်းတွင် ထိုးထားသော တဲများ မီးလောင်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများ သာမက မီးသတ်ပိုက်များဖြင့် ဖြိုခွင်းခဲ့ကြသည်ဟု ဆန္ဒပြသူများက ပြောကြားသည်။

“ဒီရင်ပြင်နေရာဟာ လွတ်လပ်ရေး ကျွန်းတစ်ခုပါပဲ။ လွတ်လပ်မှုကို ကျွန်တော်တို့ ကာကွယ်သွားမယ်” ဟု အတိုက်အခံ ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ဤအတောအတွင်းမှာပင် ကိယက် မြို့တော်သာမက အခြားသော မြို့များတွင်လည်း မငြိမ်မသက်မှုများ ပေါ်ပေါက်လျက် ရှိကြောင်း ယူကရိန်း မီဒီယာများက ရေးသား ဖော်ပြသည်။

The Voice Weekly

No comments:

Post a Comment