Tuesday, February 11, 2014

ဆက်သွယ်ရေးနည်းဥပဒေထွက်ပြီးပါက အင်တာနက် လုပ်ငန်းလိုင်စင်လျှောက်ထားရန် Redlink ပြင်ဆင်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ဆက်သွယ်ရေးနည်းဥပဒေကို လာ မည့် မတ်လအတွင်း အတည်ပြုပေးသွားရန်ရှိနေပြီး အဆိုပါ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးပါက အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားသွားရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်ဟု Redlink Communication ၏ ဒုတိယဥက္ကဋ္ဌဦးသိန်းသန်းတိုးက မဇ္ဈိမကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောသည်။


၎င်းက “လိုင်စင်ရပြီးရင် ကွန်ရက်တည်ဆောက်ရမှာတွေရှိလာမယ်။ ဒီ အတွက်တည်ဆောက်တဲ့ကာလကို လျှော့ချနိုင်ဖို့အတွက် အစီအစဉ်တွေကြိုလုပ်ထားပါတယ်။ ကွန်ရက်တည်ဆောက်မှုအပိုင်း ၊ ဈေးကွက် လေ့လာတဲ့အပိုင်းတွေ ဒါတွေကို ကြိုတင်ပြင်ဆင်ထားပါတယ်”ဟု ဆိုသည်။

ဆက်သွယ်ရေးနည်းဥပဒေ ထွက်ရှိပြီးပါက ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ပြောကြားထားပြီးဖြစ်ရာ RedLink အနေ ဖြင့် အင်တာနက်ဝန်ဆောင်မှုအတွက် အဓိကလျှောက်ထားမည်ဖြစ်သည်ဟုလည်း ဦးသိန်းသန်းတိုးက ဆိုသည်။ ယင်းသို့ လျှောက်ထားရာတွင် အင်တာနက်လိုင်းအတွက် ဖိုင်ဘာဝန်ဆောင်မှုပေးမည့် ကုမ္ပဏီ များထံမှ ငှားရမ်းသုံးစွဲမည် ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့အနေဖြင့် ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှု (WiMax) ကို ပေးနေသော်လည်း ရတနာပုံ တယ်လီပို့မှတစ်ဆင့်ပေးနေခြင်းဖြစ်သည်။ ယင်းသို့ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် အင်တာနက်ဝန် ဆောင်မှုပေးမည်ဆိုပါက ၀န်ဆောင်မှုနှင့် ပတ်သက်သည့် အာမခံချက်ဖြစ်သော SLA (Service Level Agreement) ကို ထည့်သွင်းစဉ်းစားရန် လိုသည်ဟုလည်း ဦးသိန်းသန်းတိုးက ဆိုသည်။

ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အာမခံချက်ဖြစ်သည့် SLA (Service Level Agreement) နှင့်ပတ်သက် ပြီး ၎င်းက “SLA ကတော့ အသုံးပြုသူတွေရွေးချယ်ရမယ့်အပိုင်းပဲ။ Customer Protection ဘက်အခြမ်း ကတော့ ဘယ်လိုလာမယ်မသိသေးဘူး။ အသုံးပြုသူတွေက မကြိုက်ရင် ပြောင်းလဲသုံးစွဲမယ်။ ပြောင်းလဲဖို့ ခက်တဲ့ ရေရှည်သုံးစွဲမယ့် လုပ်ငန်းတွေအတွက်ကျတော့ အသုံးပြုသူနဲ့ ၀န်ဆောင်မှုပေးတဲ့သူကြားမှာ SLA ကို ထည့်ချုပ်ထားပါတယ်။ SLA နဲ့ မကိုက်တာတွေရှိရင်တော့ ၀န်ဆောင်မှုပေးတဲ့ဘက်က လျော်ရမှာတွေ ရှိတယ်”ဟု ပြောသည်။

ဆက်သွယ်ရေး နည်းဥပဒေ အတည်ပြုပြီးပါက အင်တာနက်လုပ်ငန်း၊ ကြိုးဖုန်း လုပ်ငန်းအစရှိသည့် အသေးစားဆက်သွယ်ရေးလုပ်ငန်းလိုင်စင်များချထားပေးမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment