Monday, March 10, 2014

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးမည်

ပန်းဆိုးတန်း-ဒလ ကူးတို့ခရီးစဉ် ပြေးဆွဲနေသော သမ္ဗန်ငယ်တစ်စီးအား တွေ့ရစဉ်

ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များ ဆိုက်ကပ်ရန် ဒလဘက်ကမ်းတွင် ဆိပ်ခံတံတားတစ်စင်းအား ဂျပန်နိုင်ငံမှ တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Minister Councilor Mr.Maruyama ၏ ပြောကြားချက်အရ သိရသည်။


“ရန်ကုန်တောင်ဘက်ခြမ်း ဒလမြို့ဘက်ခြမ်းမှာ ဆိပ်ခံတံတားသစ် တစ်စင်းကို တည်ဆောက်ပေးသွားမှာပါ။ မတ် ၂၁ ရက်မှာ စတင်ဆောက်လုပ်မယ့် အခမ်းနားကို ပြုလုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ Minister Councilor Mr.Maruyama က ပြောပြခဲ့သည်။

ဂျပန်နိုင်ငံသည် အစိုးရသစ်လက်ထက်တွင် ဂျပန်-မြန်မာ ချစ်ကြည်ရေး တိုးမြှင့်ရာတွင် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍတွင် ကူညီရန် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး အများနှင့်သက်ဆိုင်သော ကဏ္ဍအား ဦးစားပေးကူညီရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ လေ့လာမှု ပြုလုပ်ရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကဏ္ဍကို ကူညီနိုင်ရန် စီစဉ်ရာတွင် မြန်မာနိုင်ငံတစ်ခုလုံး၏ ရေလမ်းခရီးသည် စီးဆင်းမှုလေ့လာခြင်းများအား ၂၀၁၂ ခုနှစ်မှ စတင်ပြုလုပ်ခဲ့သည်။

အဆိုပါ လေ့လာမှုအရ ပန်းဆိုးတန်း-ဒလ ကူးတို့ခရီးစဉ်သည် တစ်နေ့လျှင် ခရီးသည် သုံးသောင်းခန့် အသုံးပြုနေသည့် ကူးတို့ရေလမ်းခရီးစဉ်တစ်ခု ဖြစ်သဖြင့် တစ်စီးလျှင် ဒေါ်လာလေးသန်းခန့်ရှိသည့် ကူးတို့ရေယာဉ်အသစ် သုံးစင်းအား တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဂျပန်နိုင်ငံက မြန်မာနိုင်ငံ တစ်ခုလုံးရဲ့ ရေလမ်းခရီးသည် စီးဆင်းမှု လေ့လာခြင်းတွေကို အသေးစိတ် ပြုလုပ်ခဲ့ပြီး တစ်နေ့ကို ခရီးသည် သုံးသောင်းခန့် သွားလာမှုရှိတဲ့ ပန်းဆိုးတန်း-ဒလ ကူးတို့ခရီးစဉ်အတွက် ကူးတို့ရေယာဉ်သုံးစင်းကို တည်ဆောက်ပေးခဲ့တာပါ။ အခု နှစ်စင်းပြီးနေပါပြီ။ နောက်တစ်စင်းက ဂျပန်နိုင်ငံက သင်္ဘောကျင်းမှာ တည်ဆောက်နေပါတယ်။ မြန်မာနိုင်ငံကို ၂၀၁၄ နိုဝင်ဘာလောက်မှာ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဦးဆောင်ညွှန်ကြားရေး မှူး ဦးဝင်းဖေက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment