Wednesday, March 5, 2014

တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၌ ရာသီဥတု၊ ယဉ်ကျေးမှုနှင့် အတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား မတ် ၄ ရက်တွင် နေပြည်တော်ရှိ MICC ခန်းမတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် သဘောတူစာချွန်လွှာနှစ်ရပ်နှင့် နားလည်မှုစာချွန်လွှာ တစ်ရပ်တို့အား ဘင်းမ်စတက်နိုင်ငံခြားရေး ၀န်ကြီးများနှင့် အထူးသံတမန်များက လက်မှတ်ရေးထိုး ခဲ့ကြကြော င်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးသည့် စာချွန်လွှာများမှာ ဘင်းမ်စတက်နိုင်ငံများ၏ ရာသီဥတုနှင့် ပတ်သက်သည့် စင်တာတစ်ခု ပေါ်ပေါက်လာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (the Memorandum of Association on the Establishment of a BIMSTEC Center for Weather and Climate)၊ ဘင်းမ်စတက်နိုင်ငံများ အချင်းချင်း ယဉ်ကျေးမှု အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး (Cultural Industries Commission (BICI)) နှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေးတို့ဖြစ်ကြောင်း သိရသည်။

ဘင်းမ်စတက်အဖွဲ့သည် ၁၉၉၇ ခုနှစ် ဇွန် ၆ ရက်တွင် စတင်ပေါ်ပေါက်လာသော အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ အချိန်တွင် ကဏ္ဍ ၁၄ ခုအား အကောင်အထည် ဖော်နေသော်လည်း ၁၉၉၈ ခုနှစ်အထိ ကဏ္ဍခြောက်ခုသာ ရှိခဲ့ကြောင်း သိရသည်။

“ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တည်ထောင်လိုက်တဲ့ အချိန်အခါမှာ အဖွဲ့ဝင်နိုင် ငံတွေကြား ထဲမှာ ချမှတ်ထားတဲ့ အကောင်အထည်ဖော်ဖို့အတွက် လိုအပ်ချက်တွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာပါ။ ဒါကာမှာ အတွင်းရေးမှူးချုပ်ရုံးကိုထားဖို့ ရွေးချယ်မှု အပေါ်မှာ အဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် Sheikh Hasina က ပြောကြားသည်။

အလားတူ ၎င်းက ဘင်းမ်စတက်များအကြား အပြန်အလှန် ချိတ်ဆက်နိုင်မှု နည်းဗျူဟာများနှင့် စီးပွားရေးအရ တိုးမြှင့်လုပ်ကိုင်နိုင်မှုများက ဒေသတွင်းနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ ဒါကာတွင် ရှိနေသော ဘင်းမ်စတက်နိုင်ငံများ၏ ဆင်းရဲမွဲတေမှုလျှော့ချရေး စင်တာအနေဖြင့်လည်း အဆိုပါကိစ္စများအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment