Monday, March 10, 2014

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်း အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်မြှုပ်နှံ

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်းများ အပါအ၀င် လုပ်ငန်းရှစ်ခုတွင် စင်ကာပူနှင့် တရုတ်ကုမ္ပဏီများ ၀င်ရောက်ရင်းနှီး မြှုပ်နှံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု ၀န်ဆောင်မှုလုပ်ငန်းသုံးခုတွင် စင်ကာပူမှ Myanmar Fiber Optic Communication Network Co.,Ltd၊ Digicel Myanmar Tower Co.,Ltd၊ Apollo Towers Myanmar Limited တို့က မြန်မာနိုင်ငံ အနှံ့အပြားတွင် လုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူမှ Asahi Group Holdings Southeast Asia Pte. Ltd က မြန်မာနိုင်ငံမှ Loi Hein Co.,Ltd နှင့်ပေါင်းကာ အချိုရည်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်အချက်ပေးကိရိယာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းကို တရုတ်နှင့် မြန်မာလုပ်ငန်းရှင် တို့က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံမှ Good Brothers Co.,Ltd နှင့် တရုတ်ကုမ္ပဏီတို့က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့ နယ် တွင် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သကြားနှင့် ဓာတ်မြေသြဇာ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို စင်ကာပူ Wilmar Sugar ကုမ္ပဏီနှင့် မြန်မာမှ Great Wall Food Stuff Industry Co.,Ltd တို့က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်များကို မတ်လပထမပတ်အတွင်း ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့် ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာ ပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးအဖွဲ့သို့ လည်းကောင်း၊ ရန်ကုန် (ရုံးခွဲ) သို့လည်းကောင်း သွားရောက်တင်ပြခြင်း၊ ပြည့်စုံသော အဆိုပြုလွှာကို နေပြည်တော်၌ အပတ်စဉ်ကျင်းပသည့် အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်း အဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးမှ အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ သဘောထား၊ သက် ဆိုင်ရာ ၀န်ကြီးဌာန သဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက (MIC) အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ (MIC) အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့် ထုတ်ပေးခြင်းများကို အဆင့်ဆင့်ဆောင်ရွက် ရကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ပြည်ပနိုင်ငံ ၃၃ နိုင်ငံရှိပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ United Kingdom တို့မှာလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်အထိ လုပ်ငန်းပေါင်း ၆၅၅ ခုတွင် နိုင်ငံခြားတိုင်းပြည်များမှ လာရောက်ရင်းနှီး မြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment