Friday, March 21, 2014

ဂျပန်က လှူဒါန်းသည့် သင်္ဘောသုံးစင်း ယခုနှစ်ကုန်ပိုင်းတွင် ပြေးဆွဲမည်

ဂျပန်နိုင်ငံက လှူဒါန်းသော ပန်းဆိုးတန်း-ဒလတွင် ပြေးဆွဲမည့် သင်္ဘောသုံးစင်းကို ယခုနှစ်ပိုင်း တွင် ပြေးဆွဲမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနက မတ်လ ပထမပတ်တွင် တရားဝင် ထုတ်ပြန်ထားသည်။

အဆိုပါ သင်္ဘောသုံးစင်းကို ချယ်ရီ (၁)၊ ချယ်ရီ (၂)၊ ချယ်ရီ (၃) ဟူ၍ အမည်ပေးထားကာ လက်ရှိ ပန်းဆိုးတန်း-ဒလတွင် ပြေးဆွဲနေသည့် သင်္ဘောများနှင့် ပုံစံတူ တည်ဆောက်ထားခြင်း ဖြစ်ရာ ချယ်ရီ(၁) နှင့် ချယ်ရီ(၂)မှာ တည် ဆောက်ပြီးစီးသွားပြီဖြစ်၍ ချယ်ရီ(၃)မှာ တည်ဆောက် ဆဲဖြစ်ကြောင်း ယင်းသင်္ဘော တည်ဆောက်ရေးကို သွားရောက် လေ့လာခဲ့ သည့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ပန်းဆိုးတန်း-ဒလ ခရီးစဉ်မှာ ခရီးသည် အများဆုံး စီးနင်းသည့် ခရီးစဉ် ဖြစ်သောကြောင့် အမေရိကန်ဒေါ်လာ လေးသန်းတန် သင်္ဘောများကို ဂျပန်က ယင်းခရီးစဉ်အတွက် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ သင်္ဘောတစ်စင်းကို ခရီးသည် တစ်ထောင်ခန့် စီးနင်းနိုင်ပြီး စီးနင်းခ နှုန်းထားမှာ လက်ရှိ နှုန်းထားအတိုင်းသာ ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်များကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ နာကာတာနီ သင်္ဘောကျင်းတွင် ဆောက်လုပ်ပြီး သင်္ဘောနှစ်စင်းမှာ ရေချထားပြီးဖြစ်ရာ စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ မောင်းနှင် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ လက်ရှိ အသုံးပြုနေသော ဆိပ်ခံတံတားများကို ဟောင်းနွမ်း လျက် ရှိသဖြင့် သင်္ဘောသစ်များ ရောက်ရှိလာပါက အသုံးပြုနိုင်ရန် အသစ်တိုးချဲ့ ဆောက် လုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ပန်းဆိုးတန်း-ဒလ ကူးတို့လိုင်းတွင် ကျန်စစ်သား၊ တပင်ရွှေထီး၊ အနော်ရထာ၊ ထီးလှိုင်ရှင်ဟူ၍ ရေယာဉ်လေးစင်း ရှိရာ နှစ်စင်းပြေးဆွဲ၍ နှစ်စင်းကို အရန်ထားကြောင်း၊ တစ်ရက် လျှင် ခရီးသည် သုံးသောင်းခွဲခန့် သွားလာလျက် ရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီး ဌာနက တရားဝင် ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment