Friday, March 21, 2014

ဒီအပတ်ကစားမယ့် ရီးယဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ရဲ့ El Clasico ပွဲစဉ်အကြို El Clasico အကြောင်း တစေ့တစောင်း

Photo
အခုလာမယ့် တနလာင်္နေ့ မနက် မြန်မာစံတော်ချိန် မနက် ၂:၃၀ မှာ ဘောလုံးလောကမှာ အကောင်းဆုံး အကြိတ်အနယ်အရှိဆုံး ဒါဘီပွဲစဉ်တွေထဲက တစ်ခုဖြစ်တဲ့ စပိန်ဘီလူးနှစ် သင်းဖြစ် တဲ့ ရီးယဲလ်မက်ဒရစ် နဲ့  ဘာစီလိုနာ အသင်းတို့ တွေ့ ဆုံကြမှာပါ။

Photo
အခုပွဲစဉ်မတိုင်မီ လာလီဂါအမှတ်ပေးဇယားမှာ ရီးယဲလ်မက်ဒရစ်က ရမှတ် ၇၀ နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ဒုတိယနေရာက အက်သလက်တီကိုမက်ဒရစ်အသင်းက ၆၇ မှတ်၊ ဘာစီလိုနာ အသင်းက ၆၆ မှတ် နဲ့ တတိယ နေရာမှာ အစဉ်လိုက်ရပ်တည်နေပါတယ်။ ၄ မှတ်သာ ကွာဟနေတာမို့ ဒီပွဲစဉ်ဟာ လက်ကျန် ပွဲစဉ် ၁၀ ပွဲသာ ကျန်တော့တဲ့ လာလီဂါ အမှတ်ပေးချန်ပီယံဆုကို အဆုံးအဖြတ်ပေးသွားမှာပါ။ ဒီပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့ အကောင်း ဆုံးဘော လုံး သမား နှစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ ရော်နယ်ဒို နဲ့ ဘာစီလိုနာ အသင်းရဲ့ မက်ဆီတို့ ရဲ့ အားပြိုင်မှုကိုလည်း ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေ တွေ့ မြင်ရမှာဖြစ်ပါတယ်။

ယခုရာသီ ပထမအကျော့ ဘာစီလိုနာကွင်းမှာ တွေ့ ဆုံခဲ့စဉ်က ၂-၁ နဲ့ ဘာစီလိုနာက အနိုင်ယူထားခဲ့တဲ့ အတွက် ကြယ်စင်စုတို့ ရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာကို စောင့်ကြည့် ရမှာပါ။

El Clasico ဆိုတာ စပိန်ဘာသာစကားဖြစ်ပြီး “The Classic” လို့ အဓိပ္ပါယ်ရပါတယ်။ ရီးယဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်တိုင်းကို အယ်လ်ကလက်စီကိုလို့ သုံးနှုန်းပြီး လာလီဂါ ပွဲစဉ်သာမက ယူအီးအက်ဖ်အေချန်ပီယံလိဂ်၊ ကိုပါဒယ်ရေး၊ စပိန်ဘုရင့်ဖလား စတဲ့ ပွဲစဉ်တိုင်းပါဝင်ပါတယ်။

ရီးယဲလ်နဲ့ ဘာကာတို့ ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အအောင်မြင်ဆုံးနဲ့ အချမ်းသာဆုံး အသင်း နှစ်သင်းဖြစ်သလို ရီးယဲလ်မက်ဒရစ်အသင်းအခြေစိုက်တဲ့ မက်ဒရစ်မြို နဲ့ ဘာစီလိုနာ အသင်းအခြေစိုက် ဘာစီလိုနာမြို့ တို့ ဟာလည်း စပိန်နိုင်ငံရဲ့ အကြီးမားဆုံးမြို့ ကြီးနှစ်မြို့ ပါ။ သူတို့ နှစ်သင်း လာလီဂါမှာ သမိုင်းတစ်လျှောက် တွေ့ ဆုံခဲ့ရာမှာလည်း ရီးယဲလ်က ပွဲ ၉၀ နိုင်ခဲ့ပြီး ဘာစီလိုနာက ၈၇ ပွဲနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲ အရပ်ရပ် ၂၅၈ ပွဲတွေ့ ဆုံခဲ့ရာမှာတော့ ဘာစီလိုနာအသင်းက ၁၀၆ ပွဲအနိုင်ရရှိခဲ့ကာ ရီးယဲလ်မက်ဒရစ်က ၉၄ ပွဲ အနိုင်ရရှိခဲ့ပြီး ၅၈ ပွဲ သရေကျခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ လာလီဂါအမှတ်ပေးချန်ပီယံဖလားကို ၃၂ ကြိမ် ရရှိခဲ့ပြီ ဘာစီလိုနာကတော့ ၂၂ ကြိမ်ရရှိထားပါတယ်။ ချန်ပီယံလိဂ်ဖလားကိုလည်း ရီးယဲလ် မက်ဒရစ်က စံချိန်တင် ၉ ကြိမ် ရရှိခဲ့ကာ ဘာစီလိုနာ က ၄ ကြိမ်ရရှိထားတာပါ။ ကိုပါဒယ်ရေး ဖလားကိုတော့ ဘာစီလိုနာက စံချိန်တင် ၂၆ ကြိမ်ရရှိခဲ့ပြီး ရီးယဲလ်အသင်းက ၁၈ ကြိမ်ရရှိ ထားပါတယ်။

နိုင်ငံရေးယုံကြည်ချက်ကွဲပြားမှုတွေကို ခဏဖယ်ပြီး ဘောလုံးအားကစားနည်းဘက်ကပဲ ကြည့်ကြည့် ရအောင်။ သူတို့ နှစ်သင်းကြား မုန်းတီးမှုဟာ ဂန္တ၀င်ကစားသမား ဒီစတီဖာနို အပြောင်းအရွှေ့ က စတယ်လို့  ဆိုကြပါတယ်။ ဘာစီလိုနာအသင်းက ဒီစတီဖာနိုကို ကိုလံဘီယာကလပ် ဒီပို့ တီဗိုလော့စ်မီလိုနာရီယောစ့် က ခေါ်ယူဖို့ ပထမဆုံးစာချုပ်ချုပ် ဆိုနိုင်ခဲ့ပေမယ့် ဒီစတီဖာနိုဟာ ကလပ်အသင်းရဲ့ ခွင့်ပြုချက်ကို မရဘဲ မိမိသဘော အလျောက် စာချုပ်ချုပ်ဆိုခဲ့လို့ စပိန်ဘောလုံးအဖွဲ့ ချုပ်က ဒီခေါ်ယူမှုကို အသိအမှတ်မပြုနေစဉ်မှာ ရီးယဲလ်မက် ဒရစ်အသင်းက ဒီစတီဖာနိုကို ပိုင်ဆိုင်တဲ့ မူရင်းကလပ်ဖြစ်တဲ့ ရေးဗားပလိတ်ကနေ ခေါ်ယူလိုက်ပါတယ်။ ဒီ ပြဿနာကို ဖီဖာဘောလုံးအဖွဲ့ ချုပ်ကိုယ်စားလှယ် မူနော့ဇ် ကာလီယိုက ကြားဝင်ဖြေရှင်းပေးခဲ့ပြီး ဒီစတီဖာနို ကို ရီးယဲလ်နဲ့ ဘာကာ တစ်ရာသီစီ အလှည့်ကျပိုင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချပေးခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်က လက်မခံခဲ့ဘဲ ဒီစတီဖာနိုကို သူတို့ သာပိုင်ဆိုင်ကြောင်း ကြေငြာခဲ့ပါတယ်။

ဒီစတီဖာနိုဟာ ပထမဆုံးဘာစီလိုနာနဲ့ တွေ့ တဲ့ပထမဆုံးပွဲစဉ်မှာပဲ ရီးယဲလ်မက်ဒရစ်အသင်း အတွက် နှစ်ဂိုး သွင်းယူလိုက်ချိန်မှာတော့ ကလပ်အသင်းနှစ်သင်းကြား မုန်းတီးမှုဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။

ဒီနှစ်သင်းကြား မုန်းတီးမှုတွေ ထပ်တိုးပွားစေခဲ့တာကတော့ အသင်းနှစ်သင်းကြား လူပြောင်းရွှေ့ မှုတွေပါပဲ။ ၁၉၈၈ မှာ ဘန်းရှုးစတားကို ရီးယဲလ်က ဘာကာကနေ ခေါ်ယူခဲ့ တယ်။ နောက်ထပ် ဘာစီလိုနာအသင်း ကပ္ပတိန် လူးဝစ်ဖီဂိုတစ်ယောက် ၂၀၀၀ ခုနှစ်မှာ စံချိန်တင်ပြောင်းရွှေ့ ကြေးနဲ့ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွေ့  သွားချိန်မှာတော့ အသင်းနှစ်သင်း ဟာ ကမ္ဘာမကြေရန်ဘက်တွေ ဖြစ်လာပါတယ်။ ရီးယဲလ် ကနေ ဘာကာ ကို ပြောင်းရွှေ့ သွားတဲ့ ကစားသမားအရေအတွက်ဟာ နည်းပါးပေမယ့် ရီးယဲလ်ကစားသမား Luis Enrique သာ တစ်ယောက် ၁၉၉၆ ခုနှစ် မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ ပြီး ဘာစီလိုနာနဲ့ အတူ အောင်မြင်မှုတွေ ရယူခဲ့ပါတယ်။

ကလပ်အသင်းနှစ်သင်းဟာ ၂၀၀၂ ခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ ဆုံခဲ့ပြီး အဲဒီ့ပွဲစဉ်ဟာ စပိန်အားကစားမီဒီယာတွေရဲ့ “ရာစုနှစ်ရဲ့အကောင်းဆုံးပွဲစဉ်” အဖြစ် သတ် မှတ်ခြင်းခံခဲ့ရပါတယ်။ ပထမအကျော့ နူးကမ့်မှာ ရီးယဲလ်မက်ဒရစ်က ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဘာနေဗျူးမှာ ၁-၁ သရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ၃-၁ နဲ့ ရီးယဲလ်တို့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်ကို တစ်ကမ္ဘာလုံးကြည့်ရှုသူ သန်း ၅၀၀ ကျော်ရှိခဲ့ပြီး ဘောလုံး သမိုင်းတစ်လျှောက် လူကြည့်အများဆုံးပွဲစဉ်တစ်ပွဲလည်း ဖြစ်ခဲ့တာပါ။

ရီးယဲလ်မက်ဒရစ်ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကလက်စီကို ပွဲစဉ်ခြောက်ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။ အယ်လ် ကလက်စီ ကို သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူတွေကတော့ ဒီစတီဖာနို ၁၈ ဂိုး၊ မက်ဆီ ၁၈ ဂိုး၊ ရာအူးလ် ၁၅ ဂိုး တို့ ဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုကတော့ ၁၂ ဂိုးသွင်းယူထားပါတယ်။

Trend Myanmar

No comments:

Post a Comment