Monday, March 10, 2014

ခရီးသည် ၂၂၇ ဦးပါ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပျောက် ဆုံး၊ နှစ်ရက်နီးပါး ကြာသည်အထိ ရှာမတွေ့၊ အကြမ်းဖက်မှု ဟုတ်၊ မဟုတ် စုံစမ်း

ခရီးသည် ၂၂၇ ဦး လိုက်ပါသွားသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် မတ်လ ၈ ရက်နေ့က ပျောက်ဆုံး သွားပြီးနောက် ၂ ရက်နီးပါး ကြာမြင့်သည်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းနှင့် ခိုးယူထားသည့် ပတ်စ်ပို့နှင့် လိုက်ပါသွားသော ခရီးသည်နှစ်ဦး လေယာဉ်ပေါ်တွင် ပါရှိသည်ဟု စစ်ဆေး တွေ့ရှိရသဖြင့် အဆိုပါ လေယာဉ် ပျောက်ဆုံးမှုကို အကြမ်းဖက်မှု ဟုတ်မဟုတ် မလေးရှား အာဏာပိုင်များက စုံစမ်းလျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ
တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းစဉ် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းသို့အရောက် အဆက်အသွယ် ပြတ်တောက် သွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့သည်။

MH-730 လေယာဉ် ခရီးစဉ်တွင် လိုက်ပါသွားသော ခရီးသည်များအနက် ကိုယ်ပိုင် ပတ်စ်ပို့နှင့် မဟုတ်ဘဲ ခိုးယူထားသည့် ပတ်စ်ပို့နှင့် လိုက်ပါသွားသူ နှစ်ဦး ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး ရေဒါ အချက်ပြချက်အရ လေယာဉ်သည် ကွာလာလမ်ပူ ဘက်သို့ ပြန်လှည့်ခဲ့ဖွယ် ရှိကြောင်းလည်း တွေ့ရှိ ရသဖြင့် မလေးရှား အာဏာပိုင်များက ယခုဖြစ်ရပ်ကို အကြမ်းဖက်မှု ဟုတ် မဟုတ် စုံစမ်းစစ်ဆေးလျက် ရှိသည်။

ခရီးသည် စာရင်းအရ လေယာဉ် ခရီးစဉ်တွင် လိုက်ပါသွားသော ခရီးသည်များမှာ တရုတ်နိုင်ငံသား ၁၅၃ ဦး၊ မလေးရှား နိုင်ငံသား ၃၈ ဦး၊ အင်ဒိုနီးရှား နိုင်ငံသား ခုနစ်ဦး၊ သြစတြေးလျ နိုင်ငံသား ခြောက်ဦး၊ အိန္ဒိယနိုင်ငံသား ငါးဦး၊ ပြင်သစ်နိုင်ငံသား လေးဦး၊ အမေရိကန် နိုင်ငံသားသုံးဦး၊ နယူးဇီလန်၊ ယူကရိန်းနှင့် ကနေဒါ နိုင်ငံသားနှစ်ဦးစီ၊ ရုရှား၊ ထိုင်ဝမ်၊ အီတလီ၊ နယ်သာလန်နှင့် သြစတြီးယား နိုင်ငံသား တစ်ဦးစီ ဖြစ်သည်။

ခိုးယူထားသော ပတ်စ်ပို့နှင့် လိုက်ပါသွားသော ခရီးသည် နှစ်ဦးမှာ အီတလီနိုင်ငံ သားတစ်ဦး၏ ပတ်စ်ပို့နှင့် သြစတြီးယား နိုင်ငံသားတစ်ဦး၏ ပတ်စ်ပို့ကို ကိုင်ဆောင်ကာ လိုက်ပါသွားခြင်း ဖြစ်ပြီး အီတလီနိုင်ငံနှင့် သြစတြီးယားနိုင်ငံ တို့ကလည်း ယခု ပျောက်ဆုံးလျက် ရှိသော လေယာဉ်ပေါ်တွင် ၎င်းတို့ နိုင်ငံသား တစ်ယောက်မျှ လိုက်ပါသွားခြင်း မရှိဟု ငြင်းဆန်ထားသည်။

ထို့ပြင် ခိုးယူထားသော ပတ်စ်ပို့နှင့် လိုက်ပါသွားသော ခရီးသည် နှစ်ဦးစလုံးမှာ လေယာဉ်လက်မှတ်ကို တစ်ချိန်တည်း အတူတူ ဝယ်ယူခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့၏ ထိုင်ခုံ နံပါတ်များမှာလည်း အစဉ်လိုက် ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။

ပတ်စ်ပို့ လိမ်လည် လိုက်ပါသွားသော ခရီးသည်နှစ်ဦး ကိုင်ဆောင်သွားသည့် ပတ်စ်ပို့ နှစ်ခု၏ ပိုင်ရှင်အစစ် အမှန် အီတလီနိုင်ငံသား မစ္စတာမာရယ်လ်ဒီနှင့် သြစတြီးယား နိုင်ငံသား မစ္စတာ ခရစ်ရှန်ကိုဇဲလ်တို့ နှစ်ဦးစလုံးက ၎င်းတို့၏ ပတ်စ်ပို့များမှာ မကြာသေးမီ နှစ်များအတွင်းက ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းခြေတွင် အခိုးခံခဲ့ရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်း စစ်ဆေးရာ၌ ပူးပေါင်း ကူညီနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုက နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် စုံစမ်းစစ်ဆေးရေးမှူးများ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီး ဗီယက်နမ်၊ စင်ကာပူ အစရှိသည့် နိုင်ငံများမှ ကယ်ဆယ်ရေး အဖွဲ့များကလည်း တောင်တရုတ် ပင်လယ်အတွင်း ဆောင်ရွက်လျက် ရှိသော ရှာဖွေရေး လုပ်ငန်းစဉ်တွင် ပါဝင်ကူညီလျက် ရှိသည်။

လက်ရှိ အချိန်တွင် လေယာဉ် ၂၂ စီးနှင့် ရေယာဉ်အစီး ၄၀ ကို အသုံးပြုကာ ရှာဖွေရေး လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး ရှာဖွေသည့် ဧရိယာကိုလည်း မလေးရှား အနောက်ဘက် ကမ်းခြေအထိ တိုးချဲ့ထားသည်ဟု မလေးရှား အာဏာပိုင်များက ပြောကြားသည်။

မလေးရှား လေကြောင်းလိုင်းပိုင် ဘိုရင်း ၇၇၇ လေယာဉ်သည် မတ်လ ၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁း ၃၀ နာရီခန့်တွင် စတင်ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သဖြင့် (သတင်း ရေးသားသည့် အချိန် အထိ) ပျောက်ဆုံး နေသည်မှာ ၄၈ နာရီနီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း ပင်လယ်ပြင် အတွင်း လေယာဉ် အစိတ်အပိုင်း၊ အစအန တစ်ခုမျှ ရှာဖွေ တွေ့ရှိသေးခြင်း မရှိချေ။

ကွာလာလမ်ပူ လေဆိပ်နှင့် ဘေဂျင်း လေဆိပ်တွင် ရောက်ရှိနေသော လေယာဉ်ပေါ်တွင် လိုက်ပါသွား သည့် ခရီးသည်များ၏ ဆွေမျိုးများနှင့် မိတ်ဆွေများကို မလေးရှား လေကြောင်းလိုင်းက ကူညီ စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက် ရှိသော်လည်း ခရီးသည် အတော်များများက လေကြောင်း လိုင်းကို စိတ်ဆိုး ဒေါသထွက်လျက် ရှိသည်။
“ကျွန်မတော့ လေကြောင်းလိုင်း ကုမ္ပဏီကို နားမလည် နိုင်တော့ဘူး။ သူတို့ အနေနဲ့ မိသားစုဝင်တွေဆီကို ဆက်သွယ် အကြောင်းကြားတဲ့ အလုပ်ကို ပထမ ဦးစားပေး အနေနဲ့ လုပ်ရမှာပေါ့၊ ခုတော့ ကျွန်မမှာ ဘာမှမသိရဘူး၊ ကျွန်မ အရမ်းစိတ်ပူနေရတယ်” လို့ အရှေ့အလယ်ပိုင်းသူ တစ်ဦးက ပြောကြားခဲ့သည်။

လေယာဉ်ပေါ် လိုက်ပါသွားသည့် ခရီးသည်များ၏ မိသားစုဝင်နှင့် မိတ်ဆွေ အချို့က အံ့သြဖွယ် အဖြစ်အပျက် တစ်ခုခုနှင့်အတူ သူတို့ ချစ်ရသူများကို ပြန်တွေ့ရလိမ့်မည်ဟု မျှော်လင့်လျက် ရှိသော်လည်း အများစုကမူ ၎င်းတို့ ချစ်ခင်သူများကို အသက်ရှင်လျက် ပြန်တွေ့ရရန် အခွင့်အရေး မရှိသလောက် နည်းပါးသည်ဟုသာ ယူဆထားကြသည်။

မလေးရှားနိုင်ငံ၏ နိုင်ငံပိုင် လေကြောင်းလိုင်းသည် အာရှ၏ အကြီးဆုံး လေကြောင်း တစ်ခုဖြစ်ပြီး ကမ္ဘာ့ဒေသပေါင်း ၈၀ သို့ ခရီးသည်ပေါင်း ၃၇၀၀၀ ကို နေ့စဉ် ပို့ဆောင်ပေးနေသော လေကြောင်း လိုင်းလည်း ဖြစ်သည်။

The Voice

No comments:

Post a Comment