Monday, March 24, 2014

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ၊ ကန်ဒေါ်လာ သန်း ၈၀ နီးပါး ထောက်ပံ့မည်

မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ နီးပါး (ယန်းငွေ ရှစ်ဘီလီယံ) ကို မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Mr.Fumio Kishida ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့က ဂျပန်နိုင်ငံ အခြေစိုက် Kyodo သတင်းဌာနတွင် ဖော်ပြထားသည်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီးသည် မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံစဉ် အဆိုပါ ငွေကြေး ထောက်ပံ့မှု စီမံချက်သစ်ကို တရားဝင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း ဆက်လက် ရေးသားထားသည်။

Mr. Fumio Kishida ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို မတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ စီစဉ်ထားပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းမှုများ တိုးမြှင့်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံအတွက် ယန်းငွေ ၁၆၀ ဘီလီယံ ကူညီရန် ကတိပြုပြီးနောက် ပညာရေး၊ ကျန်းမာရေးကဏ္ဍ များတွင် ထောက်ပံ့ပေးခဲ့သည်။

ယင်းအပြင် ဂျပန်အစိုးရက သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံထားပြီး ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင်လည်း ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခြင်း ခံထားရသည်။

ဂျပန်စီးပွားရေး လုပ်ငန်းကြီး အများစုကမူ လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်သော ထားဝယ် ရေနက် စီမံကိန်းကို ပိုအားရနေကြောင်း ပြောဆိုထားသည်။
The Voice Weekly

No comments:

Post a Comment