Thursday, March 13, 2014

ပုဂ္ဂလိက ကျောင်းဝတ်စုံ စကပ်တိုနှင့် ဘောင်းဘီများ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခွင့်မပြု

နိုင်ငံတစ်ဝန်း ပုဂ္ဂလိက အထက်တန်းကျောင်းများအနက် စကပ်တိုနှင့် ဘောင်းဘီယူနီဖောင်းများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ဝတ်ဆင်ခွင့် မပြုကြောင်း အခြေခံပညာရေး တာဝန်ရှိသူများ ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ ကောင်းစုံ ကိုယ်ပိုင်အထက်တန်းကျောင်း တီရှပ်၊ စကပ်တိုနှင့် ဘောင်းဘီ ယူနီဖောင်းကြောင့် မတ်လ ၁၂ ရက်နေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့တွင် သတိပေးခံခဲ့ရပြီး အခြား ဘာသာရပ်များကို အဖြူနှင့်အစိမ်း ကျောင်းစိမ်းဝတ်စုံ ဖြင့်သာ လာရောက်ဖြေဆိုရန် သတိပေးခဲ့ကြောင်း အဆိုပါကျောင်း တည်ထောင်သူ ဦးသန်းနိုင်က ပြောကြားသည်။

“ယဉ်ကျေးမှုနဲ့ ဖီလာရင်တော့ ပြောပေါ့။ အခုက ကျောင်းက သတ်မှတ်ထားတဲ့ ကျောင်းဝတ်စုံကို အသိအမှတ် မပြုတဲ့ ပုံလို့ မြင်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် ယူနီဖောင်း အပြည့်အစုံသာ ဝတ်ဆင်ကြပြီး ယင်းသို့ ဖြေဆိုရန် သတိပေး တားမြစ်ခြင်းသည် ကျောင်းသား၊ ကျောင်း သူများ အတွက် စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း ICEC ကိုယ်ပိုင် အထက်တန်းကျောင်း တာဝန်ခံ ဦးကျော်မိုးမြင့်က ဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲခန်း အတွင်း ဘောင်းဘီတို၊ ရှည်၊ လည်ဟိုက်အင်္ကျီ၊ စကပ်ကဲ့သို့ သရုပ်ပျက် ဝတ်စား ဆင်ယင်မှုများ ရှောင်ကြဉ်ရန်၊ ခြေညှပ်နှင့် ကွင်းထိုး ဖိနပ်များသာ စီးရန် မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနက ညွှန်ကြားထားကြောင်း အလယ်တန်းပြ ဆရာမတစ်ဦးက The Voice သို့ ပြောကြားသည်။

ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း များကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင် ခွင့်ပြုထားသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုမူ အစိုးရ စာစစ်ဌာနများ တွင်သာ လာရောက်ဖြေဆိုရန် ပညာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ငါးသိန်း ရှစ်သောင်း ကိုးထောင်နီးပါး ဖြေဆိုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment