Saturday, March 1, 2014

Democracy Today သတင်းစာမိတ်ဆက်ပွဲသို့ NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ဂုဏ်ပြုစကား ပြောကြား

ရန်ကုန်တိုင်းမ် သတင်းစာကို ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ပြီးနောက် ကုမ္ပဏီပြောင်း၊ အမည်ပြောင်းဖြင့် ထုတ်ဝေ မည့် Democracy Today သတင်းစာ မိတ်ဆက်ပွဲသို့ NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သိရ သည်။


မတ် ၁ ရက်(ယနေ့)တွင် ထုတ်ဝေမည့် ထိုသတင်းစာ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက မြရိပ်ညိုဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ တက်ရောက်ပြီး ဂုဏ်ပြုစကားများ ပြောကြားခဲ့ခြင်းဖြစ်သည်။

Democracy Today သတင်းစာကို Myanmar News Network ကုမ္ပဏီမှ စီစဉ်ထုတ်ဝေခြင်းဖြစ်ပြီး ထိုသတင်းစာ၏ အမှုဆောင် အရာရှိချုပ်မှာ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ဖြစ်သည်။ ကြေးမုံ၊ မြန်မာ့အလင်း၊ ပြည်ထောင်စုနေ့စဉ် သတင်းစာများ၏ ဖြန့်ဈေးထက်လျှော့၍ ကျပ် ၄ဝ ဖြင့် ဖြန့်ချိကာ ရောင်းဈေး ၁ဝဝ သတ်မှတ်ထားသော ထိုသတင်းစာသည် ခရိုနီကုမ္ပဏီ တစ်ခုဖြစ်သော ရွှေသံလွင် Sky Net ကုမ္ပဏီနှင့် ဆက်နွှယ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ သို့သော် ကာယကံရှင်များက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သတင်းစာကို ရောင်းဈေးကျပ် ၁ဝဝ ဖြင့် ရောင်းချနိုင်ရန်အတွက် ဘဏ်ချေးငွေ ကျပ်သိန်းတစ်သောင်း ရယူ ခဲ့ကြောင်း၊ Democracy Today နှင့် Myanmar News Network ကုမ္ပဏီသည် အခြားသော အဖွဲ့အစည်းများ၊ လုပ်ငန်းကြီးများနှင့် သက်ဆိုင်ခြင်း မရှိဘဲ သီးခြားတည်ရှိသော လုပ်ငန်းဖြစ်သည်ဟု ဦးကိုကိုက သတင်းစာ မိတ်ဆက်ပွဲ၌ ပြောကြားသည်။

သို့သော် ထိုသတင်းစာ မိတ်ဆက်ပွဲ သတင်းကို ရွှေသံလွင်ကုမ္ပဏီပိုင် Sky Net ရုပ်သံလိုင်းနှင့် MNTV ရုပ်သံလိုင်းတို့က  ဖေဖော်ဝါရီ ၂၈ ရက်တွင် အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့သည်။

အစိုးရထံမှ သက်သာခွင့်များစွာ ရရှိထားသော ရွှေသံလွင် ကုမ္ပဏီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ငွေကြေးလှူဒါန်းမှုများ ရှိခဲ့သည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲတွင် Sky Netနှင့် Shwe FM တို့က တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုနှင့် အနုပညာကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃ဝဝ လှူဒါန်းခဲ့သည့်အပြင် လေလံတင် ရောင်းချခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရာသိုးမွေးဆွယ်တာ တစ်ထည်အား ရွှေသံလွင် ကုမ္ပဏီ၏Shwe FM က ကျပ် ၄၁၅ သိန်းပေး၍ ဝယ်ယူခဲ့သည်။

ထိုနည်းတူ ရွှေသံလွင်ကုမ္ပဏီသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသို့လည်း ငွေကြေး လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ရွှေသံလွင် ကုမ္ပဏီသည်  ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ၏ စေတနာ ဝသန်ဂီတရန်ပုံငွေပွဲတွင် ဦးမင်းကိုနိုင်၊ ဦးပြုံးချိုနှင့် ဦးဌေးကြွယ်တို့ ပန်းချီရေးဆွဲထားသည့် ဂစ်တာကို ငွေကျပ် ၅၈၈ သိန်းဖြင့် လေလံဆွဲ ဝယ်ယူခဲ့သည်။ ထို့အပြင် ၂ဝ၁၃ ခုနှစ် ဩဂုတ်လက ပြုလုပ်သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားတွင်လည်း အခမ်းအနားကျင်းပသည့် သုံးရက်တာ ကာလအတွင်း လူဦးရေ ငါးထောင်ကျော်အတွက် ထမင်းကျွေးခြင်း ကုန်ကျငွေများကို ကူညီခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment