Wednesday, April 30, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲအား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းဆိုသည့် BBC နှင့် မီဒီယာအချို့တွင် ဖော်ပြထားသည့်သတင်း မမှန်ကြောင်း NCCT ငြင်းဆို

Wednesday, April 30, 2014
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးညှိနှိုင်းမှု ဆွေးနွေးပွဲအား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဆိုသည့် သတင်းအား NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ငြင်းဆိုခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးအတွက် အစိုးရနှင့်ဆွေးနွေးရန် တိုင်းရင်းသားတွေဘက်မှ ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်သည်ဟူသည့် BBC မြန်မာပိုင်းအစီအစဉ်နှင့် မီဒီယာအချို့၏ သတင်းဖော်ပြမှုအပေါ် ဦးနိုင်ဟံသာက “အကန့်အသတ်မဲ့ ရွှေ့ဆိုင်းတယ်ဆိုတဲ့စကား ကျွန်တော်မပြောမိဘူးခင်ဗျ။ ဘာကြောင့် ဘယ်သူတွေရေးနေလဲ မပြောတတ်ဘူး။ ကျွန်တော်ပြောတာက ဒါကတော့ နောက်ဆုတ်သွားရ တယ်။ ရွှေ့ဆိုင်းလိုက်ရတယ်။ ဒီလောက်ပဲ ကျွန်တော်ပြောတယ်။ ဒီရရှိထားတဲ့ တွေ့ဆုံဆွေးနွေးမှုကို ပျက်စီးမသွားဖို့ နည်းနည်းတော့ ထိန်းသိမ်းသွားရမယ့် အနေအထားမျိုးလည်း လိုအပ်တယ်လို့ အန်ကယ် တို့ မြင်တယ်လေ။ ညှိနှိုင်းနေပါတယ်။ အခုကတော့ အန်ကယ်တို့လည်း သဘောတူလက်ခံလိုက် တယ်။ မေလအတွင်းမှာ အတတ်နိုင်ဆုံး ဖြစ်နိုင်ဖို့ပေါ့” ဟု ဧပြီ ၂၉ ရက်တွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။
Myanmar Peace Center မှ ဦးလှမောင်ရွှေကလည်း “NCCT ခေါင်းဆောင်တွေနဲ့ ကျွန်တော် တို့ နေ့တိုင်းအဆက်အသွယ် ရှိပါတယ်ခင်ဗျ။ ပထမ သူတို့လုပ်မယ့် ၂၆၊ ၂၇၊ ၂၈ အစည်းအဝေးကို ၂၈၊ ၂၉ ကို ရွှေ့တယ်။ ကျွန်တော်တို့ သိတာကတော့ သူတို့ ဒီနေ့အစည်းအဝေး ပြီးသွားပါပြီ။ သူတို့အနေနဲ့ ၁၉၊ ၂၀ ၀န်းကျင်မှာ သူတို့အနေနဲ့ အစည်းအဝေး လာပါလိမ့်မယ်” ဟု ပြောကြားသည်။
NCCT အဖွဲ့ခေါင်းဆောင်များဖြစ်သည့် ဦးနိုင်ဟံသာ၊ ကေအင်န်ယူမှ ပဒိုစောကွယ်ထူးဝင်း၊ ကေအိုင်အိုမှ ဗိုလ်ချုပ်ဂွမ်မော်တို့ အပါအ၀င် NCCT အဖွဲ့ဝင်များသည် အစိုးရနှင့် တွေ့ဆုံမည့် ဆွေးနွေးပွဲအား ကြိုတင်ပြင် ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ဆွေးနွေး မှု ပြုလုပ်ခဲ့ရာ မေလတတိယပတ်အကုန် ၀န်းကျင်တွင် အစိုးရနှင့် ထပ်မံတွေ့ဆုံရန် သဘောတူ ဆုံးဖြတ်ခဲ့ သည်ဟု ဦးနိုင်ဟံသာက ပြောကြားသည်။
လက်ရှိရရှိထားသောတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုသည်တန်ဖိုးရှိသည့်ကိစ္စ ဖြစ်သောကြောင့် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ကချင်ဒေသတိုက်ပွဲမျိုး မဖြစ်စေချင်ကြောင်း၊ တိုက်ပွဲများဖြစ်ပွားပါက ယုံကြည်မှုကို များစွာလျော့ကျစေပြီး ဖြေရှင်းရန် ခဲယဉ်းသည်ဟု ဦးနိုင်ဟံသာက ဆိုသည်။
ဦးနိုင်ဟံသာက “ကျွန်တော်တို့ ရင်ဆိုင်လာခဲ့ရတဲ့ ၆၅ နှစ်ကျော် ပြည်တွင်းစစ်ကာလ တစ်လျှောက်လုံးမှာ ဒီလိုတွေ့ဆုံဆွေးနွေးနိုင်ဖို့ အခွင့်အရေးက မလွယ်ဘူးဗျ။ ဒီ ဦးသိန်းစိန်အစိုးရသစ်မှာပဲ ဒါကိုဖော်ထုတ်လာနိုင်တာ ဖြစ်တယ်လေ။ ဒါကြောင့် ထူးထူးခြားခြား ဖြစ်တည်လာတဲ့ဟာကို ဒါကိုတော့ ထိန်းသိမ်းဖို့လိုတယ်။ အရင်က ဒီလိုမရှိခဲ့ဖူးဘူး။ အခု ရှိလာတဲ့အပေါ်မှာ ကြိုဆိုရမယ်လို့ သဘောထားမျိုးပါ” ဟု ပြောကြားသည်။
“အန်ကယ်တို့နိုင်ငံမှာ တည်ရှိနေတဲ့ ၆၅ နှစ်ကျော် ပြည်တွင်းစစ်ကြောင့် အန်ကယ်တို့နိုင်ငံကလည်း တိုးတက်မှုမှာ အများကြီး နောက်ကျနေတယ်။ ဒါကို အရင်နည်းလမ်းအတိုင်းပဲ စစ်ရေးနည်းနဲ့ အင်အားနဲ့ ဖြေရှင်းလို့မပြီးဘူး ဆိုတဲ့ဟာလည်း အားလုံးသိပြီးဖြစ်တယ်။ ဒါကြောင့် ဒီကနေ့ ညှိနှိုင်းပြီးတော့ အားလုံးသဘောတူ လက်ခံလာဖို့ ကြိုးပမ်းနေတဲ့ ဒီဖြစ်စဉ်ကြီးကို အန်ကယ်တို့က ကောင်းကောင်းမွန်မွန်နဲ့ ထိန်းသိမ်းသွားပြီးတော့ အဖြေကောင်းထွက်လာဖို့အထိ ကြိုးစားသွားဖို့ လိုတယ်လို့ မြင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အစိုးရနှင့် NCCT တို့အကြား ဧပြီ ၄ ရက်မှ ၈ ရက်အထိ ပြုလုပ်ခဲ့သည့် အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (ပထမအဆင့်) ကို နှစ်ဖက်ပူး တွဲေ ရေးဆွဲနိုင်သည်အထိ ဆွေးနွေးနိုင်ခဲ့ပြီး အချောသပ် ရေးဆွဲနိုင်ရေးအတွက် မေလပထမပတ်အတွင်း ထပ်မံတွေ့ဆုံမည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။
သို့ရာတွင် ဆွေးနွေးပွဲအပြီး၌ အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအပါအ၀င် အခန်းခုနစ်ခန်း ပါဝင်သည့် တစ်ခုတည်းသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Single Text) မူကြမ်းရေးဆွဲ ရာတွင် နှစ်ဖက်လုံးမှ လက်မခံနိုင်သည့် အချက်များကို နှစ်ဖက်ခေါင်းဆောင်များ ထံသို့ ပြန်လည် သဘောထားရယူခြင်း၊ ပြင်ဆင်ညှိနှိုင်းခြင်းများ ဆောင်ရွက်နေရသောကြောင့် မေလပထမပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆွေးနွေးပွဲရက်ကို နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကနေ့ ဒီလိုအခြေအနေမျိုး ရောက်ရှိလာအောင် ဖြစ်ပေါ်လာတဲ့ တွေ့ဆုံဆွေးနွေးမှု အနေအထားကို ဒီလိုအနေအထားမျိုး ရောက်လာအောင် ဆိုတဲ့ဟာက အစိုးရဘက်ကရော တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်ကရော အများကြီးကြိုးစားပြီးတော့ လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒါကို ထိခိုက်ပျက်စီးသွားအောင် မလုပ်ကြဖို့ပေါ့။ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ နောက်ပြီးတော့ ဒီရရှိထားတဲ့ အခွင့်အရေးမှာ အအောင်မြင် ဆုံးဖြစ်ဖို့ အားလုံးကပါဝင်ပြီးမှ တတ်နိုင်တဲ့အပိုင်းကနေပြီး အားပေးသွားဖို့ လိုတယ်” ဟုလည်း ဦးနိုင်ဟံသာက ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment