Friday, April 4, 2014

သင်္ကြန်ကာလအတွင်း ပြစ်မှုကျူးလွန်သူများကို အထူးတရားရုံးများ ဖွင့်၍ အရေးယူမည်


ရန်ကုန်မြို့၌ သင်္ကြန်ကာလအတွင်း ပြစ်မှုကျူးလွန်သူများကို အထူးတရားရုံးများ ဖွင့်၍ အရေးယူ ဆောင်ရွက် သွားမည်ဟု စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဧပြီလ ၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
““သင်္ကြန် ကာလမှာက ရုံးပိတ်ရက်တွေ များတယ်။ အဲဒါကြောင့် သင်္ကြန် ကာလအတွင်း ဖြစ်ပေါ်လာမယ့် ပြစ်မှုတွေကို အရေးယူလို့ရအောင် မြို့နယ်တိုင်းမှာ အထူးတရားရုံးတွေ ဖွင့်သွားမယ်။ ပြစ်မှု ကျူးလွန်တဲ့ သူတွေကို ချက်ချင်း တရားစွဲပြီး တစ်ခါတည်း အရေးယူမယ်။ ဥပမာ အချုပ်ချတာတွေ၊ ထောင်ချတာတွေ လုပ်သွားမယ်””ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးတင်ဝင်း ကပြောသည်။ အဆိုပါ ထုတ်ပြန်ချက်တွင်
သင်္ကြန်မဏ္ဍပ်များနှင့် အနီးတစ်ဝိုက်အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲခြင်း မပြုလုပ်ရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဆန့်ကျင်သော အပြုအမူ၊ အပြောအဆို၊ ၀တ်စား ဆင်ယင်မှုများ၊ ကခုန်သီဆိုမှုများ မပြုလုပ်ရန် စသည်ဖြင့် ဖော်ပြထားသည်။…
၂၀၁၃ ခုနှစ်၊ မဟာသင်္ကြန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ပြစ်မှုပေါင်း ၁၆၉ မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပြစ်မှုများတွင် ယစ်မျိုးမှု (၉၁)မှု၊ ခိုက်ရန်ဖြစ်ပွားမှု (၁၅)မှု၊ ခါးပိုက်နှိုက်မှု(၄၁)မှု၊ အထွေထွေပြစ်မှု (၂၂) မှု ဖြစ်ပေါ်ခဲ့သည်။
ယခင် ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်တွင် မဏ္ဍပ် ၄၀ ခု ခွင့်ပြုပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် သင်္ကြန်မဏ္ဍပ် နေရာချထားရေးအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မဏ္ဍပ်ကြီး ၁၆ ခု၊ အလတ် ၃ ခု၊ မရမ်းကုန်း မြို့နယ်တွင် မဏ္ဍပ်ကြီး ၁၀ ခု၊ ဗဟန်းမြို့နယ်တွင် မဏ္ဍပ်ကြီး ၃ ခု၊ အလတ် ၁၂ ခု၊ ရန်ကင်း မြို့နယ်တွင် အကြီး ၁ ခု၊ ကမာရွတ်မြို့နယ်တွင် မဏ္ဍပ်ကြီး ၃ ခု၊ အလတ် ၁၊ လှိုင် မြို့နယ်တွင် အကြီး ၉ ခု၊ ကြည့်မြင်တိုင် မြို့နယ်တွင် မဏ္ဍပ်ကြီး ၂ ခု၊ အလုံမြို့နယ်တွင် မဏ္ဍပ်ကြီး ၃ ခု၊ အလတ် ၂ ခုနှင့် အခြား မြို့နယ်များ အပါအ၀င် ရေကစားမဏ္ဍပ် စုစုပေါင်း ၉၃ ခု ခွင့်ပြုထားခဲ့ပြီး ဖြစ်သည်။
မြန်မာသံတော်ဆင့်

No comments:

Post a Comment