Saturday, April 26, 2014

အချုပ်သားကိုရိုက်သည့် ဒုရဲအုပ် ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင်၁၀နှစ် ချမှတ်

ရန်ကုန်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်သား ၂ ဦးတို့ကို တောင်ငူခရိုင် တရားရုံး (၁)က ဧပြီ ၂၅ရက်တွင် လူသတ်မှုထင်ရှားခဲ့သဖြင့် အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု အသတ်ခံရသည့် လူငယ်၏ အစ်မဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမသို့ ပြောသည်။
၎င်းတို့ ၄ ဦးမှာ လူသတ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ခရိုင်တရားသူကြီး မောင်မောင်အေးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။
“ သားတစ်ယောက်ဆုံးရှုံးပြီး အစားထိုးလို့မရလို့ မကျေနပ်ပေမယ့်လည်း နိုင်ငံတော်တရားဥပဒေက ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးတဲ့အတွက် ကျေနပ်ပါတယ်” ဟု အသတ်ခံခဲ့ရသူ၏ မိခင် ဒေါ်သန်းကျင်က
ဆိုသည်။

အဆိုပါ အမှုမှာ ဖြူးမြို့နယ်တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက် ညက ဖြစ်ပွား ခဲ့ခြင်း ဖြစ် သည်။ လောကနတ် စားသောက်ဆိုင်မှ အရက်သောက်ပြီး ဆိုက်ကားဖြင့် ပြန်လာ သည့် မောင်လင်းလင်ထက် (၂၄)နှစ်ကို ရဲတပ်ဖွဲ့ဝင်များက စစ်မေးရာတွင် မချေမငံပြောဆိုသည်ဟု ဆိုကာ လက်ထိပ်ခက်၍ ရဲစခန်းတွင်းသို့ ဖမ်းဆီးပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် ဒုရဲအုပ် သူရိန်ဆန်းကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ရာထူး တစ်ဆင့် လျော့ချပြီး၊ တပ်ကြပ်ကြီး အုန်းလွင်နှင့် တပ်သား မင်းကိုလတ်တို့ကို
ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ကနဦး အရေးယူမှု ပြုလုပ် ခဲ့သည်။
ထို့နောက် အရပ်ဘက်ဥပဒေဖြင့်ပါ တရားစွဲဆိုပြီး တစ်နှစ်ခွဲအကျော်အကြာ ရုံးချိန်းပေါင်း ၄၆ ချိန်းအပြီးတွင် အထက်ပါအတိုင်း အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီးက ဒုရဲအုပ် သူရိန်ဆန်းကို ပုဒ်မ ၃၀၂(၂) ဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် တပ်ကြပ်ကြီး အုန်းလွင်နှင့်
တပ်သား မင်းကိုလတ် တို့အား ပုဒ်မ ၃၀၂(၂)/၁၁၄ တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ ချမှတ်လိုက်ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီးတွင် ခိုးမှုဖြင့် သံသယရှိ ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦး လက်ထိပ်နောက်ပြန်ခက်လျက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ ရှေ့မှာပင် မြစ်တွင်းသို့
ခုန်ချသေဆုံးခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းကလည်း လူသတ်မှုဖြင့် သံသယရှိ ဖမ်းဆီးစစ်ဆေးခံရသည့် အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရမှုများကြောင့် သေဆုံးခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ဥပဒေလိုက်နာမှု မရှိခဲ့ဟု ဝေဖန်းမှု များလည်း ရှိခဲ့သည်။

Mizzima - News in Burmese

နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များနှင့် TNLA တို့ တိုက်ပွဲဆက်ဖြစ်

Written by: 
နေထွန်းနိုင်
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်၊ ပန်ဆေးကျော်မြင့်၏ ပြည်သူ့စစ် ပူးပေါင်းတပ်များနှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်ဖြစ်နေပြီး ဧပြီ ၂၅ ရက်တွင်လည်း နမ့်ခမ်းမြို့နယ်၊ လွယ်ချက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၅ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲသည် နမ့်ခမ်းမြို့နယ်၊ လွယ်ချက်ကျေးရွာအနီးတွင် စခန်းထိုင်ထားသော တပ်မတော်၏ ထိန်ကံတပ်စခန်းကို TNLA တပ်ရင်း ၄၇၈ က ၀င်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါသည်။
လွယ်ချက်ကျေးရွာအနီးရှိ ထိန်ကံတပ်စခန်းသည် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းမပေါ်ရှိ လက်ဖက်စက်ရုံနေရာတွင် တပ်မတော်မှ စကခ ၁၆ လက် အောက်ခံ တပ်ဖွဲ့ဝင်များ အခြေစိုက်စခန်း ချထားခြင်းဖြစ်ကြောင်း သိရသည်။
"ဒီနေ့မနက် ၅ နာရီလောက်မှာ ဖြစ်ခဲ့တာ။ အဲဒီစခန်းက ခရီးသွားပြည်သူတွေဆီကနေ အတင်းအဓမ္မ ငွေကြေးကောက်ခံတာတွေ ရှိနေပါတယ်" ဟု TNLA ၏ အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ဧပြီ ၂၅ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။
ထိန်ကံစခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၂၅ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မန်ပန်ရွာ ပြည်သူ့စစ်စခန်းကို TNLA တပ်များက ၀င်ရောက်စီးနင်းခဲ့ပြီး ထိုစခန်းမှ M22 သေနတ် ၈ လက်၊ ကာဘိုင် ၁ လက်၊ ပစ္စတို ၁ လက်နှင့် မူးယစ်ဆေးဝါး အနည်းငယ် သိမ်းဆည်းရခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်၊ ပန်ဆေးဦးကျော်မြင့်၏ ပြည်သူ့စစ်ပူးပေါင်း တပ်များနှင့် TNLA တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
"တိုက်ပွဲတွေ ဖြစ်ရတဲ့ အကြောင်းရင်းက ကျွန်တော်တို့အဖွဲ့တွေ ဒေသတွင်း စည်းရုံးရေးလုပ်တယ်။ စည်းရုံးရေး လုပ်တဲ့အခါ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အဓိကထားတယ်။ စည်းရုံးရေးလုပ်ဖို့ ဒေသထဲဝင်သွားတဲ့ ကျွန်တော်တို့ အဖွဲ့တွေကို အစိုးရတပ်တွေက လက်မခံဘူး။ လိုက်လံ တိုက်ခိုက်တယ်။ အဲဒီမှာ တိုက်ပွဲတွေဖြစ်တယ်။ ပန်ဆေးကျော်မြင့် အဖွဲ့တွေက အစိုးရက ဖွဲ့ပေးထားတဲ့ ပြည်သူ့စစ်တွေ။ ကျွန်တော်တို့ဒေသမှာ ပြည်သူ့စစ်တွေပါ ရှိတဲ့အတွက် သူတို့လည်း အထက်အမိန့်အရ ငြင်းမရဘဲ တိုက်ခိုက်တာတွေရှိတယ်" ဟု ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ၌ အစိုးရဘက်မှ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များ၊ စကခ ၁၆ လက်အောက်ခံတပ်များက ဦးဆောင်ခဲ့ကြောင်း သိရသည်။ TNLA ဘက်မှ နမ့်ခမ်းမြို့နယ်တွင် လှုပ်ရှားသော တပ်ရင်း ၄၇၈ နှင့် ကွတ်ခိုင်မြို့နယ်တွင် လှုပ်ရှားသော တပ်ရင်း ၁၁၂ တို့ ဦးဆောင်ကြောင်း သိရသည်။
"တပ်မ ၈၈ ရဲ့ တစ်ဝက်လောက်က ကချင်ပြည်နယ်ဘက်ကို ရောက်နေတော့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အစိုးရဘက်က ရမခ လက်အောက်ခံ တပ်တွေနဲ့ စကခ ၁၆ လက်အောက်ခံတပ်တွေနဲ့ပဲ ဖြစ်နေတာပါ။ ဒေသခံပြည်သူတွေရဲ့ သတင်းပေးချက်ကို ကျွန်တော်တို့ဘက်က အတည်ပြုပြီး သိရှိထားချက်အရ ဒီရက်ပိုင်း တိုက်ပွဲတွေမှာ အစိုးရဘက်က ၁၆ ဦးကျဆုံး ဒဏ်ရာရပြီး ကျွန်တော်တို့ဘက်မှာ ကျဆုံးတာ မရှိသေးပါဘူး" ဟု ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ဆက်လက် ပြောကြားခဲ့သည်။
တပ်မတော်ဘက်မှ တိုက်ခိုက်မှုများ ဆက်ရှိလာမည်ဆိုပါက ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်ရှိနေမည်ဟု ၎င်းကဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးဌာနတို့အား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
TNLA သည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မဟာမိတ်ဖွဲ့ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ်နှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားကာ အပစ်အခတ်ရပ်စဲ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့ဖြစ်ပါသည်။
- See more at: http://news-eleven.com/local/%E1%80%94%E1%80%99%E1%80%B9%E1%80%B7%E1%80%81%E1%80%99%E1%80%B9%E1%80%B8%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%81%8A-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%94%E1%80%85%E1%80%85%E1%80%B9%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%95%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-tnla-%E1%80%90%E1%80%AD%E1%80%AF%E1%82%94-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%86%E1%80%80%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9#sthash.CPvrzIBm.dpuf

No comments:

Post a Comment