Saturday, April 26, 2014

ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် မိုင်းတင်း ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး


Myanmar Online News's photo.
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တောင်နောက်ကျေးရွာ ငြိမ်းချမ်းရေးကုန်း ဘုရား၊ နတ်စင်အနီးတွင် ဧပြီ ၂၅ ရက် နံနက်ပိုင်းက မိုင်းတင်းကျေးရွာမှ ပြည်သူ့စစ်ခေါင်း ဆောင်နှင့်အဖွဲ့ စီးနင်းလာသော မော်တော် ယာဉ်ငယ်အား ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦးက လိုက်လံပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဆိုင်ကယ်စီး လက်နက်ကိုင်တစ်ဦးသေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး လက်နက်ငယ်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဆိုင်ကယ်စီးလက်နက်ကိုင်သူနှစ်ဦးအား မည်သည့်အဖွဲ့မှ ဖြစ် သည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရှိရသည်။


ကျောက်မဲမြို့မှ မိုင်းတင်းကျေးရွာသို့ ပြန်လာသော မိုင်းတင်းကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် စိုင်းအောင်မိုး၊ ဇနီး ဒေါ်အေးညို၊ ပြည်သူ့စစ်အဖွဲ့ဝင် ဦးစံပွဲနှင့် ကိုနိုင်ဦးတို့ စီးနင်းလာသော မတ်တူး အဖြူရောင်ယာဉ်အား ကျောက်မဲမြို့ အထွက် တောင်နောက်ကျေးရွာ ငြိမ်းချမ်းရေးကုန်းဘုရား၊ နတ်စင်အနီးအရောက်တွင် ဆိုင်ကယ်စီးလက်နက်ကိုင် နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ထို့ကြောင့် စိုင်းအောင်မိုးက မော်တော်ယာဉ်အား အရှိန်တင်မောင်းနှင်လာစဉ် (၆) ဖာလုံခန့်အကွာသို့ အရောက်တွင် ကားမှာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်း ယာဘက်လယ်ခင်းထဲသို့ ထိုးဆင်း သွားခဲ့သည်။ ထို့နောက် စိုင်းအောင်မိုးနှင့် ကိုနိုင်ဦးတို့က ကားပေါ်ပါ လက်နက်ငယ် နှစ်လက်ဖြင့် အဆိုပါ လက်နက်ကိုင် နှစ်ဦးအား ပြန်လည်ခုခံပစ်ခတ်ခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားစဉ် စိုင်းအောင်မိုးမှာ လည်ပင်းတွင် လက်နက်ငယ် ကျည် ထိမှန်ပြီး သေဆုံး သွားကာ ဆိုင်ကယ်စီး လက်နက်ကိုင် တစ်ဦးမှာလည်း ဒဏ်ရာ များ ရရှိကာ သေဆုံး သွားခဲ့သည်။ ထို့ပြင် ပြည်သူ့စစ်အဖွဲ့ဝင် ကိုနိုင်ဦးမှာ ၀ဲဘက် ပေါင်တွင် ဒဏ်ရာ ရရှိခဲ့ပြီး ကျန်ဆိုင်ကယ်စီး လက်နက်ကိုင်တစ်ဦးမှာမူ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

သေဆုံးသွားသည့် ဆိုင်ကယ်စီးလက်နက်ကိုင်မှာ အသက် ၂၅ နှစ်ခန့်၊ အသားဖြူ၊ ခန္ဓာကိုယ်သေးသွယ်၊ အရပ် ၅ ပေ ၄ လက်မခန့်ရှိပြီး ၎င်းနှင့်အတူ ပစ္စတို တစ်လက်နှင့် ဆိုင်ကယ်တစ်စီး ကျန်ရစ်ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ 

Myanmar Online News's photo.
Myanmar Online News's photo. 
 (မြို့နယ် ပြန်/ဆက်)
MOI Webportal Myanmar

No comments:

Post a Comment