Friday, April 18, 2014

သင်္ကြန်ကာလ ချောင်းသာသို့ သွားနေသည့် ရွှေဆိုင်ပိုင်ရှင် မိသားစုအိမ်တွင် ကျပ်သိန်း ၇၀ ကျော်ဖိုး ခိုးယူခံရ

ရန်ကုန်၊ မဇ္ဈိမ။ ။ သင်္ကြန်ကာလအတွင်း ရွှေဆိုင်ပိုင်ရှင် မိသားစု ချောင်းသာကမ်းခြေသို့ မိသားစုလိုက် ခရီးသွားနေစဉ်အတွင်း သိန်း၇၀ ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများ ခိုးယူခံရဟု အမှုဖွင့် တိုင်တန်းမှုကို ကမာရွက်ရဲစခန်းက ဧပြီ ၁၇ ရက်တွင် စစ်ဆေးလျက်ရှိသည်။
အဆိုပါ အမှုကို ကမာရွက်မြို့နယ်၊ (၁၀)ရပ်ကွက်၊ သံလွင်လမ်းနေ၊ ချိန့်ဆန်စိန်ရွှေရတနာရောင်းဝယ်ရေး ပိုင်ရှင်ဖြစ်သူ ဒေါ်အေးအေးစန်းက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

ချိန့်ဆန် စိန်ရွှေရတနာရောင်းဝယ်ရေးပိုင်ရှုင် မိသားစုသည် ဧပြီလ ၁၄ ရက်က မိသားစုဝင် (၈)ဦးတို့နှင့်အတူ ချောင်းသာသို့ ခရီးသွားခဲ့ပြီး နေအိမ်တွင် ထမင်းချက်၊ ကလေးထိန်း ၊ သန့်ရှင်းရေး အလုပ်သမားနှင့် တို့ကို နေအိမ်တွင် ထားခဲ့သည်ဟု ဆိုသည်။
ဧပြီလ ၁၆ရက်တွင် ချောင်းသာမှ ပြန်လည်ရောက်ရှိလာချိန်တွင် သားလတ်ဖြစ်သူ၏ အိပ်ခန်း ဗီရိုများ ပွင့်နေ၍ နေအိမ်အတွင်းရှိ ပစ္စည်းများကို လိုက်လံ စစ်ဆေးခဲ့သည်ဟု ရဲတိုင်ရာတွင် ပြောထားသည်။
စစ်ဆေးရာတွင်လည်း သမီးဖြစ်သူ၏ အခန်းအတွင်းရှိ မီးခံသေတ္တာမှာ အပြင်ပိုင်းမှ ထုရိုက်ထားသည်ကို တွေ့ရှိရပြီး မှန်တင်ခုံ အံဆွဲအတွင်း ကတ္တီပါ အနီရောင်ဘူးဖြင့် ထည့်ထားသည့် (၇၃)သိန်းဖိုးရှိ လက်ဝတ်ရတနာပစ္စည်းများမှာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်ဟု တရားလိုက ဆိုသည်။
ထို့ကြောင့် ခိုးယူသူကို ဖော်ထုတ်ဖမ်းဆီးပေးရန် တိုင်ကြားလာသဖြင့် ကမာရွက်ရဲစခန်းက (ပ)၁၈၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဖော်ထုတ်နေကာ ခိုးယူသူကို ဖမ်းဆီးရမိပါက ပုဒ်မ ၃၈၀ ဖြင့် တရားစွဲတင်ပို့သွားမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

Mizzima

No comments:

Post a Comment