Saturday, April 12, 2014

သင်္ကြန်နီးချိန်တွင် ကုန်ခြောက်နှင့် သားငါးဈေးနှုန်းများ ကျပ် ၁၀၀၀ မှ ကျပ် ၄၀၀၀ အထိ ထပ်မံမြင့်တက်


သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဈေးတစ်ဈေးမြင်ကွင်းကို တွေ့ရစဉ်

သင်္ကြန်ကာလနီးကပ်လာခြင်းနှင့် ကုန်စည်၊ ကား၊ သင်္ဘောများ ဆိုက်ရောက်မှုနည်း ပါးခြင်းကြောင့် ဈေး ကွက် အတွင်း ကုန်ခြောက်နှင့် သား၊ ငါးဈေးနှုန်းများ ကျပ် ၁၀၀၀ မှ ၄၀၀၀ အထိ မြင့်တက်ထပ်မံလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။
အခြေခံစားသောက်ကုန်များဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် အာလူးတစ်ပိဿာဈေးနှုန်းများမှာ ယခင်ကထက် ကျပ် ၁၀၀ မှ ၇၀၀ အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

သား၊ ငါးဈေးနှုန်းများအနေဖြင့် မွေးမြူရေးကြက်၊ အိမ်ကြက်၊ ၀က်သားနှင့် အမဲသားတစ်ပိဿာဈေးမှာ ယခင်ရောင်းဈေးများထက် အနည်းဆုံး ကျပ် ၂၀၀၀ မှ ၄၀၀၀ အထိ မြင့်တက်နေခြင်းဖြစ်သည်။

ထို့အပြင် ငါးကြင်း၊ ငါးကျည်း၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးရံ့နှင့် တီလားဗီးယား တစ်ပိဿာဈေးနှုန်းများမှာ ယခင်ရောင်းဈေးထက် ကျပ် ၁၀၀၀ မှ ၂၀၀၀ အထိ အသီးသီးမြင့်တက်နေခြင်းဖြစ်သည်။

"ပွဲတော်ရက်နီးလာတာရယ်၊ ပစ္စည်းရှားလာတာရယ်ကြောင့် ဈေးတွေက ထက်ဝက်စီမြင့်နေ ရတာ။ ဈေးက တက်နေပေမယ့် ဈေးပိတ်ရက်လည်းရှိတော့ ဒီပိတ်ရက်တွေအတွက် ဈေးကြီးလည်း တင်ရောင်းရတာတွေ ရှိတယ်။

သင်္ကြန်အတွက်ဆိုပြီး တစ်နေ့ကို တစ်သောင်းဖိုး၊ နှစ်သောင်းဖိုးလောက် လာဝယ်တဲ့သူတွေရှိတော့ ဒီရက်ပိုင်း အတွင်းကတော့ ရောင်းရပါတယ်" ဟု တာမွေဈေးရှိဈေးသည်တစ်ဦးကဆိုသည်။

သင်္ကြန်ပိတ်ရက်အတွက် ဈေးဝယ်လျက်ရှိသူ အိမ်ရှင်မတစ်ဦးကလည်း "သင်္ကြန်ရက်က ဈေးတွေလည်း ပိတ်မှာ ဆိုတော့ သင်္ကြန်တွင်းစားဖို့ ကြိုဝယ်ထားတာပါ။ အခုရက်ပိုင်းကတော့ ဈေးကတော်တော် တက်တယ်။ ဒါပေမဲ့ ဒီအချိန်မ၀ယ်ထားရင် အဲဒီရက်ပိုင်းဖွင့်တဲ့ဆိုင်တွေက ဈေးအဆမတန်တက်မှာ" ဟု အိမ်ရှင်မတစ်ဦး၏အမြင်ဖြင့် ပြောပြသည်။

ထို့အပြင် ကြက်ဥ၊ ဘဲဥဈေးများလည်း တက်လျက်ရှိပြီး ကီလို ၂၀ ရှိ အလုံး ၃၀၀ ပါ ကြက်ဥ၊ ဘဲဥကတ်အား ယခင်ကျပ် ၂၈၅၀၀ ရှိရာမှ ယခု ကျပ် ၃၅၁၀၀ သို့ မြင့်တက်နေကြောင်းလည်း သိရသည်။

ကုန်ခြောက်နှင့် သား၊ ငါးဈေးနှုန်းများသည် သင်္ကြန်ရက်မတိုင်မီကတည်းက တက်ရိပ်ပြနေခဲ့ပြီး ပွဲတော် ရက်နှင့် ပိုမိုနီးကပ်လာသောကြောင့် ထက်ဝက်ခန့် မြင့်တက်သွားရခြင်းဖြစ်ကြောင်း သိရသည်။ ကုန်ခြော က်နှင့် သားငါးဈေးနှုန်းများမှာ ဧပြီလဆန်းပိုင်းမှစ၍ တရိပ်ရိပ် မြင့်တက်လာနေခြင်းဖြစ်ကာ တစ်ခါဈေးမြင့် လျှင် အနည်းဆုံး ကျပ် ၁၀၀၀ အထိ မြင့်တက်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Eleven Media Group

No comments:

Post a Comment