Thursday, April 3, 2014

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာသဖြင့် အန္တရာယ် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတိပေးချက်ထုတ်ပြန်

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာမှုကြောင့် အန္တရာယ်ရှိမှုများအား ကျန်းမာရေးဝန်ကြီး ဌာနမှ သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်များတွင် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ ဖြစ်ပွားခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်းတို့ကို သတိပေးထားသည်။

ထိုကဲ့သို့ ဖြစ်ပွားမှုများအား လျော့ကျနိုင်ရန်အတွက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အချိန်များတွင် အလုပ်လုပ်ကိုင်နေသူများ၊ နေရောင်အောက်တွင် သွားလာလှုပ်ရှားနေသူများ၊ သင်္ကြန်ကာလ အတွင်း ရေကစား သူများ၊ ကလေးသူငယ်များ အနေဖြင့် ပိုမိုသတိပြုရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။
ခရမ်းလွန်ရောင်ခြည် အန္တရာယ်အား ကာကွယ်မှုများ ပြုလုပ်ရာ တွင် နေရောင်ခြည်အောက်တွင် အလုပ်လုပ်သောသူများ အနေဖြင့် မျက်နှာ၊ လည်ပင်း၊ ပခုံးတို့အား လုံခြုံ သော ဦးထုပ်၊ ထီး စသည်တို့ဖြင့် အကာအကွယ်ပြုရန်၊ ခရမ်းလွန်ရောင်ခြည် အလွယ်တကူ မဖောက်နိုင်သော အ၀တ်အစားများအား ၀တ်ဆင်ရန် နှိုးဆော်ထားသည်။
ထို့ပြင် အ၀တ်ကင်းလွတ်သော နေရာများဖြစ်သည့် လက်၊ လည်ပင်းနှင့် ပခုံးကဲ့သို့သော နေရာများတွင် သနပ်ခါးထူထူ လိမ်းရန်နှင့် နေရောင်ခံ လိမ်းဆေးအား နေရောင်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုတင်လိမ်းရန်နှင့် နေရောင်ထဲတွင် ကြာရှည်စွာ ရှိနေပါက နှစ်နာရီခြားတစ်ခါ လိမ်းရန်လို အပ်ကြောင်းလည်း သိရသည်။
ခရမ်းလွန်ရောင်ခြည် ထိခိုက်မှုသည် လူကြီးများထက် ကလေးငယ်များအား ပိုမိုသက်ရောက်မှု များသဖြင့် ကလေးငယ်များအား နေရောင်ထဲ သို့ ခေါ်ဆောင်မှုများ မပြုလုပ်ရန်၊ ကလေးငယ်များအား အရိပ်အောက်တွင်သာ ဆော့ကစားရန် ကျန်းမာရေးဝန်ကြီးဌာနက ခရမ်းလွန်ရောင်ခြည် မြင့်တက် လာမှုကြောင့် အန္တရာယ်ရှိနိုင်မှုများနှင့် ပတ်သက်၍ သတိပေးနှိုးဆော်ထားသည်။
Eleven Media Group

No comments:

Post a Comment