Saturday, April 5, 2014

ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ ပြန်လည်တိုးတက်လာ

NLD ပါတီ၏ နာယကဖြစ်သူ ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေသည် ဧပြီ ၄ ရက် တွင်  ပြန်လည်တိုးတက် လာပြီဖြစ်သဖြင့် အထူးကု ဆရာဝန်များ၏ ဆုံးဖြတ်ချက်အရ အောက်ဆီဂျင်ပိုက် ၏ အကူအညီ မလိုအပ်တော့ကြောင်း သတင်းရရှိသည်။
ဦးဝင်းတင်၏အနားတွင် စောင့်ကြည့်နေသည့် ကိုမင်းသုတက "ဘဘရဲ့ အခြေအနေက ဒီနေ့တော်တော် တိုးတက်လာတယ်၊ သွေးဝမ်းလည်း မသွားတော့ဘူး။ အသက်ရှုတဲ့ နေရာမှာလည်း ပိုက်တပ်ထားစရာ မလိုတော့ဘူး၊ ချွဲစုပ်စက်လည်း မလိုတော့ဘူး။ သူ့ဘာသာပဲ အသက်ရှုတော့တယ်။ ဘဘကို ၇ ရက်လုံးလုံး ပိုက်တွေနဲ့ ထိုးထားတော့ နာလားလို့မေးရင် မနာဘူးဆိုပြီး ခေါင်းခါပြတယ်။ စကားတော့ မပြောဘူး" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယခုအချိန်တွင် ဦးဝင်းတင်ကို ရေတိုက်၍ ရပြီဖြစ်ကြောင်းနှင့် သတိရှိနေကြောင်း ကိုမင်းသုတက ဆက် လက်ပြောကြားသည်။

ဦးဝင်းတင်၏ရောဂါမှာ အဆုတ်ပေါက်သွားခဲ့ရာမှ အသက်ရှုသည့် အချိန်တိုင်း အရေပြားအတွင်းသို့ လေများ ၀င်ရောက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာလှမြင့်က စိတ်ချရပြီဟု မပြောနိုင်သေးသော်လည်း အတော်အတန် ကောင်းမွန်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဧပြီ ၄ ရက်တွင် ဦးဝင်းတင်အား ၀င်ရောက်တွေ့လိုသူ အားလုံးကို တွေ့ခွင့်မပေးသေးသော်လည်း လူကြီးပိုင်း အချို့ကို ပေ တွေ့မှုရှိခဲ့ပြီး ညနေပိုင်း၌ မည်သူကိုမျှ တွေ့ခွင့်မပေးတော့ကြောင်း သိရှိရသည်။

ဟံသာဝတီ ဦးဝင်းတင်သည် မတ် ၁၂ ရက်နေ့ မွေးနေ့အထိမ်းအမှတ် ညစာစားပွဲ အပြီးမှာပင် Green Cross ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားလာသဖြင့် ၀ီတိုရိယဆေး ရုံသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။ ထိုသို့ကုသရာတွင် သက်သာမှုမရှိဘဲ ပိုမိုဆိုးဝါးလာသဖြင့် မတ် ၂၉ ရက်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ထပ်မံပြောင်းရွှေ့ ခဲ့ရသည်။

ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ မတ် ၁၂ ရက်မှ ဧပြီ ၄ ရက်သို့ ရောက်ချိန်အထိ စိတ်ချရသည့် အခြေအနေသို့ ရောက်ရှိခြင်း မရှိသေးသည့် အချိန်တွင် ဦးဝင်းတင်၏ ကျန်းမာရေး ပြန်ကောင်းရန်အတွက် ဆုတောင်းသူများ၊ ဆေးရုံအထိ လာရောက်ပြီး သတင်းမေး၊ စောင့်ဆိုင်း ဆု တောင်းပေးသူများ ရှိခဲ့သည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးအခြေအနေ ဆိုး ရွားနေသော ဦးဝင်းတင်ထံသို့ လာရောက်တွေ့ဆုံ သတင်းမေးမြန်းခြင်း မရှိသေးသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များအ ကြား၌သာမက ပြည်သူများအကြား၌ပါ ဝေဖန်မှုများ ရှိခဲ့သည်။ ဧပြီ ၄ ရက် ညနေပိုင်း အချိန်အထိလည်း ဟံသာဝတီ ဦးဝင်းတင်အား ဒေါ်အောင်ဆန်းစုကြည်က လာရောက်ကြည့် ရှု သတင်းမေးမြန်းခြင်း မရှိသေးကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment