Friday, April 4, 2014

ရှဝိန်းစတိုင်ဂါ ထုတ်ပယ် ခံရအောင် မိမိလုံးဝ အားမထုတ်ခဲ့ဟု ရွန်နီရှင်းလင်း

ဘိုင်ယန်မြူးနစ်နှင့် ပွဲစဉ်တွင် ဟန်ဆောင် ပန်ဆောင် လှဲချခဲ့သည် ဆိုသော စွပ်စွဲချက် များကို မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီက ငြင်းဆန် သွားခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်တွင် တစ်ဂိုးစီ သရေကျခဲ့သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်၌ အင်္ဂလန် လက်ရွေးစင် ရွန်နီသည် ဘက်စတိန်း ရှဝိန်းစတိုင်ဂါ၏ ဝင်ဖျက်မှုတွင် လဲကျ သွားခဲ့သည်။ ယင်းအခြေအနေတွင် ဒိုင်က ရှဝိန်း စတိုင်ဂါအား ဒုတိယ အဝါကတ်ပြား ပြသပြီး ထုတ်ပယ်ခဲ့ရာ ဂျာမန်ကွင်းလယ် ကစားသမား အနေဖြင့် ဒုတိယ အကျော့နှင့် လွဲချော်သွားပြီ ဖြစ်သည်။ ပွဲအပြီးတွင်
ဘိုင်ယန်နည်းပြ ဂျိုးဆက်ဂွာဒီယိုလာနှင့် ရှဝိန်းတိုင်ဂါတို့က ရွန်နီသည် ဟန်ဆောင်လှဲချခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက် စကားများ ပြောဆိုခဲ့ကြသည်။

ရွန်နီက “ခုချိန်မှာ ရှဝိန်းစတိုင်ဂါ ဘာပြောနေသလဲ ဆိုတာကို ကျွန်တော်က မဆွေးနွေးချင်ပါဘူး။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ဟာ တကယ့် ပြစ်ဒဏ်ဘောပဲ။ သူဖျက်ထုတ်လိုက်တဲ့ လမ်းကြောင်းကနေ ရှောင်မထွက်နိုင်ခဲ့ဘူး ဆိုရင် ကျွန်တော် သေချာပေါက် အနာတရ ဖြစ်သွားလိမ့်မယ်။ သူက အရှိန်နဲ့ ဖြတ်ဝင်လာတာလေ။ ဒိုင်က သူ့ကို အဝါကတ်ပြလိုက်တာကတော့ ကျွန်တော် ဆုံးဖြတ်ခဲ့တဲ့ ကိစ္စမှ မဟုတ်ဘဲ။ ဘောလုံးပွဲ တစ်ပွဲမှာ ကစားသမားတစ်ယောက် ကွင်းထဲက ထွက်သွားတာကို မြင်လိုက်ရတာဟာ ဘယ်တော့မှ ကောင်းမွန်တဲ့ အခြေအနေ မဟုတ်ပါဘူး။ သေချာတာတော့ သူထုတ်ခံရအောင် ကျွန်တော်ဘာမှ အားမထုတ်ခဲ့ဘူး။ ဒိုင်ကသာ သူ့ဆုံးဖြတ်ချက် သူ့ဖာသာ ချမှတ်သွားတာပါ။ ကျွန်တော် လုပ်ခဲ့တာက ကိုယ့်ကိုယ်ကိုယ် အထိအခိုက် မရှိအောင် ကြိုးစားခဲ့ရုံပါပဲ။ ဒိုင်က သူ့ဆုံးဖြတ်ချက် သူချသွားတာသာ ဖြစ်ပါတယ်”ဟု ရှင်းလင်းခဲ့သည်။

၎င်းက “ရှဝိန်းစတိုင်ဂါဟာ တကယ့် ကစားသမားကောင်းပါ။ သူဒုတိယအကျော့ မပါနိုင်တဲ့အတွက် ဘိုင်ယန်မှာ လစ်ဟာချက် ကြီးကြီးမားမားတစ်ခု ရှိသွားနိုင်တာတော့ သေချာပါတယ်။ ပြီးတော့ ဟာဗီမာတီနက်ဇ်လည်း ပွဲပယ်ခံထားရတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘိုင်ယန်လူစာရင်းက သိပ်တောင့်ပါတယ်။ အရည်အချင်းရှိတဲ့ ကစားသမားတွေ သူတို့နေရာ ပြန်ဝင်လာမှာပါပဲ”ဟုလည်း သုံးသပ်ခဲ့သည်။ ရွန်နီက ယခုပွဲတွင် အပိုင်အခွင့်အရေး တစ်ရပ်ကို အတတ်ဆန်းခဲ့သည့် တိုက်စစ်ကစားဖော် ဒန်နီဝဲလ်ဘက်၏ လုပ်ရပ်အပေါ်တွင်လည်း ဝေဖန်သွားခဲ့သည်။

“ကျွန်တော်တို့ဟာ ဘိုင်ယန်ဂိုးသမားရဲ့ လှုပ်ရှားပုံတွေကို ဗီဒီယိုတွေ ကြည့်ထားပါတယ်။ သူဟာ ပီတာရှမိုက်ကယ်နဲ့ ဆင်ဆင်တူတဲ့ ဂိုးသမားမျိုး ဆိုတာကို သိပြီးသားပါ။ ဝဲလ်ဘက် အနေနဲ့ ခုလိုအခွင့်အရေးမျိုးမှာ ဂိုးသမားပေါ် ကျော်ကန်ဖို့ လုပ်ခဲ့တာတော့ စိတ်ပျက်စရာပါပဲ။ ဒါပေမဲ့ ဒီအခြေအနေကနေ သူပြန်သင်ယူပါလိမ့်မယ်။ တကယ်လို့ နောက်ထပ် အခွင့်အရေးတစ်ခု ရလာတယ် ဆိုပါစို့။ သူဒါမျိုး ထပ်မလုပ်လောက်တော့ဘူးဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်”ဟု ရွန်နီက ပြောကြားသွားခဲ့သည်။
Ref:skysports

No comments:

Post a Comment